မက်ဆီ ခြေစွမ်းပြနေပေမယ့် PSG ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်ဘူးလို့ ပီတာရှမိုက်ကယ် ထောက်ပြပြောဆို

မန်ချက်စတာ ယူနိုက်တက် နဲ့ ဒိန်းမတ် အသင်းတို့ရဲ့ ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ် က PSG ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ အတွက် လုံလောက်တဲ့ ဟန်ချက်ညီမှု မရှိနေဘူးလို့ ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။

ပြင်သစ် ကလပ် ဟာ မက်ဆီ အထူး ခြေစွမ်းပြနေမှုနဲ့ အတူ ဘာပေ ၊ နေမာ တို့ ကလည်း ဂိုးသွင်းခြေ တွေ့နေတာကြောင့် ပြည်တွင်းမှာရော ဥရောပ ပွဲတွေမှာပါ ပုံစံကောင်းတွေ ပြသနေခဲ့တာပါ ။

အခုချိန်အထိ သူတို့ဟာ ပြိုင်ပွဲစုံမှာ ရှုံးနိမ့်မှု မရှိသေးဘဲ နာပိုလီ တသင်းသာ ( ဥရောပ ထိပ်သီးလိဂ်တွေ ထဲမှာ ) သူတို့လို စွမ်းဆောင်မှုမျိုး ပြသထားနိုင် ပါတယ် ။

မက်ဆီ ဆိုရင်လည်း ဥရောပ ထိပ်သီးလိဂ်တွေ ထဲမှာ သွင်းဂိုးရော ဖန်တီးမှုပါ ၁၀ ကြိမ် အထက် ပြုလုပ် ထားနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ရှမိုက်ကယ် က PSG ဟာ မက်ဆီ ၊ ဘာပေ ၊ နေမာ တို့လို စတား တိုက်စစ်သမားတွေရဲ့ အစွမ်းကြောင့် အုပ်စု အဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ် နိုင်ခဲ့ ပေမယ့် သူတို့ရဲ့ အားနည်းတဲ့ ခံစစ်ကြောင့် အမြင့်ပိုင်း အဆင့်တွေ မှာ ဒုက္ခ ရောက်လိမ့်မယ်လို့ ပြောဆို ခဲ့ပါတယ် ။

ဂိုးသမားကြီး က PSG ခံစစ်ဟာ အားနည်းချက်တွေ ရှိနေပြီး တန်းတူရည်တူ အသင်းကြီးချင်း ကစားရတဲ့ ပွဲတွေမှာ ဒီအားနည်းချက် ဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ထိခိုက် နစ်နာစေလိမ့်မယ်လို့ သုံးသပ် ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။

“ချန်ပီယံလိဂ် ကို ကိုင်မြှောက်ဖို့ အတွက် ပြောကြရမယ်ဆိုရင်တော့ တိုက်စစ်ရော ခံစစ်ပါ ကောင်းနေဖို့ လိုပါတယ် ။ PSG ရဲ့ ခံစစ်က ဒီလို အရည်အသွေး မရှိနေပါဘူး ။ သူတို့ ၄-၀ နဲ့ ဦးဆောင် နေရာကနေ ချက်ချင်း ဆိုသလို ၄-၂ ပြန်ဖြစ် သွားပါတယ် ။ ဒီပြဿနာ အခုထိ မသိသာသေးတာက သူတို့ တိုက်စစ်က ဂိုးတွေ အများကြီး သွင်းပေးနေလို့ပါ”

“ဒါပေမယ့် ဒါက အမြဲတမ်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ ပိုမြင့်တဲ့ အဆင့်တွေ ရောက်လို ခြေရည်တူ အသင်းတွေ နဲ့ တွေ့တဲ့ အခါတွေမှာ ဆိုရင် သူတို့ သွင်းဂိုးတွေက ကျသွားမှာပါ ။ အဲ့ဒိအခါမှာ အားနည်း နေတဲ့ ခံစစ်ကြောင့် ပြဿနာ တက်လာနိုင်ပါတယ် ။ PSG ခံစစ် ကစားပုံက တော်တော်လေးကို ဆိုးရွား နေတယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဒါက ရှေ့တန်းက မက်ဆီ ၊ ဘာပေ ၊ နေမာ တို့နဲ့လည်း ဆိုင်ပါတယ် ။ သူတို့ ၃ ယောက်ရဲ့ ခံစစ် ဆင်းကူတဲ့ ပမာဏ က အရမ်းကို နည်းပါတယ် ။ တကယ် ကောင်းပြီး တိုက်စစ် ခံစစ် ဟန်ချက်ညီတဲ့ အသင်းကြီးတွေနဲ့ တွေ့တဲ့ အခါမှာ ဒါက PSG ကို တကယ် ဒုက္ခပေးမှာပါ ။ ဥပမာ ဘိုင်ယန်မြုးနစ် ၊ မန်စီးတီး တို့လိုပေါ့”

“အဲ့ဒိ အသင်းတွေက တိုက်စစ်ဆင်ရင်လည်း ၁၁ ယောက် ၊ ခံစစ် ကစားရင်လည်း ၁၁ ယောက်လုံး ပါဝင် ကြပါတယ် ။ ဒါမျိုးကမှ ဟန်ချက်ညီတဲ့ အသင်းလို့ ခေါ်တာပါ ။ မော်ဒန် ဘောလုံး ကစားနည်းမှာ ဒီလို ဟန်ချက်ညီမှုမျိုး လိုအပ်ပါတယ်”

“တကယ်လို့ ပီအက်စ်ဂျီ က မန်စီးတီး ၊ ရီးရဲ တို့နဲ့ တွေ့လိုက်မယ် ၊ တပွဲလောက် သူတို့ ခံစစ် ထဖောက်တာနဲ့ သူတို့ အိပ်ပြန်ရပါပြီ ။ ဒီအဆင့်တွေ က လုံး၀ အမှားခံမှာ မဟုတ်လို့ ပါပဲ ။ မက်ဆီ ဦးဆောင်တဲ့ တိုက်စစ်ကို ခုခံ နိုင်တဲ့ အသင်းက လက်ချိုးရေရင်တောင် လက်တဘက်စာ မပြည့်ပါဘူး ။ ဒါပေမယ့် ဒါက သူတို့ ကို ဘယ်သူမှ မတားနိုင်ဘူးဆိုတဲ့ အဓိပါယ်လည်း မဟုတ်ပြန်ပါဘူး” လို့ ရှမိုက်ကယ် က ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။

PSG ဟာ ချန်ပီယံလိဂ် မှာ အုပ်စု နောက်တဆင့် ကို တက်ရောက် ထားနိုင်ခဲ့ပြီး အုပ်စု ပထမ နေရာ သေချာဖို့ အတွက် နောက်ဆုံး ပွဲမှာ ယူဗင်တပ် ကို အနိုင် ကစားရမှာ ဖြစ်ပါတယ် ။

PSG ဟာ ချန်ပီယံလိဂ် လုံး၀ မရဖူးသေးဘဲ ၂၀၂၀ တုန်းက တကြိမ်သာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ဖူး ပါတယ် ။ အဆိုပါ နှစ်တုန်းက ဘိုင်ယန်မြုးနစ် ဟာ PSG ကို အနိုင် ကစားပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ ။

 

SPORTS MYANMAR