တီမို ဗာနာကို အတုယူဖို့ ချဲလ်ဆီး ကြယ်ပွင့် တဦးထံ အကြံပြုလိုက်တဲ့ ကာရေဂါ

 

နည်းပြ အပြောင်းအလဲ ဖြစ်ပြီးနောက် ချဲလ်ဆီး အသင်းမှာ တိုးတက်မှု များစွာ ရှိခဲ့ပြီး ၊ ကစားသမား တဦးချင်းစီမှာလည်း ပိုကောင်းတဲ့ တုန့်ပြန်မှုတွေ မြင်တွေ့လာရပါတယ် ။ ထိုကစားသမားတွေထဲ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ပူလီဆစ် ဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ၂ပွဲသာ ပွဲထွက်ခွင့် ရထားပေမယ့် ၊ ရာသီ အစပိုင်းက နည်းပြဟောင်း သောမတ်စ် တူချယ် လက်အောက် က စွမ်းဆောင်ရည်တွေထက်တော့ ပိုပြီး အပေါင်း လက္ခဏာ ဆောင်လာတာကို မြင်တွေ့ထားရပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ဆဲလ်ဇ်ဘာ့ဂ် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ပူလီဆစ် False wing-back နေရာကနေ ပွဲထွက်ခွင့် ရခဲ့ပြီး ၊ အတော်အသင့် ခြေစွမ်းပြသနိုင်ခဲ့ကာ ၊ ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

သို့့့ပေမယ့် လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က ချဲလ်ဆီးမှာ ရေရှည် ပုံမှန် ကစားခွင့် ရမှာ မဟုတ်တဲ့ ပူလီဆစ် အနေနဲ့ လိုက်ပ်ဇစ်သို့ ပြန်လည် ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာကို အတုယူသင့်ကြောင်း တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ် ။

CBS Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ကာရေဂါ က ” ပူလီဆစ် ဗာနာကို အတုယူသင့်လား ? ရာနှုန်းပြည့်ပါပဲ ။ ဘောလုံးသမား အများစုက ကွဲပြားခြားနားကြပါတယ် ။ ကစားသမား အချို့ သက်ဆိုင်ရာ ကလပ်တွေမှာ ကစားခွင့် အပြည့်အဝ မရကြပေမယ့် ၊ အဲဒီ အသင်းတွေမှာ အချိန် အကြာကြီး ဆက်နေကြတယ် ဆိုရင် ကျွန်တော် ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး အမြဲ ခေါင်းခဲမိပါတယ် ။ ”

” ဒါကြောင့်လည်း သီယာရီ ( အွန်နရီ ) က တီမို ဗာနာရဲ့ အသင်းပြောင်းတဲ့ ဆုံးဖြတ်ချက်ကို လေးစားရခြင်း ဖြစ်ကြောင်း ပြောရတာပါ ။ ချဲလ်ဆီးမှာ နောက် ၁နှစ် ၊ ၂နှစ် အရန်ခုံ ဆက်ထိုင်မယ့် အစား ၊ တပတ်ပြီး တပတ် ၊ တပွဲပြီး တပွဲ ကစားခွင့် ရမယ့် အသင်းဆီ ဗာနာ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ ”

” ပူလီဆစ် ဟာ လက်ရှိ ချဲလ်ဆီး မန်နေဂျာ အပြောင်းအလဲကြောင့် ခါတိုင်းထက်တော့ အခွင့်အရေး နည်းနည်းပါးပါး ပိုရလာပေမယ့် ၊ အခွင့်အရေးက သူ တယောက်တည်း ရတာ မဟုတ်ပါဘူး ။ ဂရေဟမ် ပေါ်တာ ဟာ ပွဲတိုင်းကို နည်းစနစ် အပြောင်းအလဲ ၊ ကစားကွက် အပြောင်းအလဲ လုပ်တတ်တာကြောင့် ကစားသမားတိုင်း နေရာ ရကြတာပါ ။ ”

” တကယ့် ပွဲထွက် ၁၁ယောက်ထဲ ပါဝင်နိုင်ဖို့ အတွက်ဆို ပူလီဆစ်လည်း ဒီထက် ပိုများတဲ့ အခွင့်အရေးမျိုး ရသင့်တယ်လို့ ယူဆကောင်း ယူဆနေမှာပါ ။ ဒါပေမယ့် သူဟာ ချဲလ်ဆီးကို ရောက်နေတာ နှစ်အချို့ ရှိနေပါပြီ ။ ဘယ်လို အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် သူ အဲဒီမှာ လုံးဝ ဖြစ်ထွန်းမလာပါဘူး ။ ”

” ဒါကလည်း ဒေါ့မွန်ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးထက် တဆင့် နိမ့်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပါ ။ ဒါပေမယ့် ချဲလ်ဆီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တုန်းက သူလည်း တစိတ်တပိုင်း အပါအဝင် ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ ”

 

” တဖြည်းဖြည်းနဲ့တော့ သူ အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချရပါလိမ့်မယ် ။ နောက်ဆုံး ၂နှစ် ၊ ၃နှစ် အတွင်းက ပုံစံနဲ့ ရှေ့ဆက်လို့ မဖြစ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်ဟာ ပူလီဆစ်ရဲ့ ပင်ကိုအရည်အသွေးတွေ အပေါ် ဘယ်တော့မှ မေးခွန်း မထုတ်ခဲ့ဖူးပါဘူး ။ ”

” တချို့သော လှပတဲ့ ဂိုးတွေ သူ သွင်းပြခဲ့တာ ၊ တချို့သော လှပတဲ့ အရာတွေ သူ လုပ်ပြခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ် ။ ဒါပေမယ့် ဘောလုံးသမား တယောက်ရဲ့ အသက်က ခြေစွမ်း ရေရှည် တည်တံ့မှု ရှိခြင်းနဲ့ ဒဏ်ရာ ပြဿနာ ကင်းရှင်းခြင်းပါပဲ ။

” အသင်းမှာ သူ ခြေစွမ်းပြနိုင်တဲ့ ကာလ တခုတော့ ရှိမယ် ၊ ဒါပြီးတာနဲ့ သူ ဒဏ်ရာ ရသွားမယ် ၊ ဒီလို ပုံစံနဲ့ သူ သံသရာ လည်နေတာကြောင့် အသင်းမှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန်ရပါတယ် ။ ဒါကြောင့် ဂရေဟမ် ပေါ်တာ အတွက် ဒီကိစ္စက ဖြေရှင်းဖို့ ခက်နေတာပါ ။ သူ့အချိန် ကျပြီး ၊ အသင်းမှာ ခြေစွမ်းတွေပြ ၊ နေရာပြန်ရတာလည်း ဖြစ်သွားနိုင်ပါတယ် ။ ”

” ဒါပေမယ့် အခုက ဂရေဟမ် ပေါ်တာ ကိုင်တွယ်တဲ့ အစောပိုင်း ကာလပဲ ရှိပါသေးတယ် ။ ဒီတော့ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူကမှ သိကြမှာ မဟုတ်ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ လုပ်နိုင်စွမ်းတွေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR