ချန်ပီယံလိဂ် – ယူရိုပါလိဂ် လမ်းခွဲသွားသူများ ၊ အရေးယူမခံရတဲ့ ဟန်ဒါဆင် ၊ ၁ မှုကနေ ၂ မှုတိုးတဲ့ယူနိုက်တက် ၊ မိုဒရစ် ရဲ့ ကြေညာချက်တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အပြီးမှာတော့ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်တဲ့ အသင်း အရေအတွက် ဟာ ၁၂ သင်းအထိ ရှိလာခဲ့ ပါတယ် ။ အဲ့ဒိ အသင်းတွေကတော့ ဘိုင်ယန်မြုးနစ် ၊ ဘင်ဖီကာ ၊ ချဲလ်ဆီး ၊ ဘရုဂျ် ၊ ဒေါ့မွန် ၊ အင်တာမီလန် ၊ လီဗာပူး ၊ မန်စီးတီး ၊ နာပိုလီ ၊ PSG ၊ ပေါ်တို နဲ့ ရီးရဲမက်ဒရစ် တို့ပဲ ဖြစ်ကြပြီး နာမည်ကြီး ဘာစီလိုနာ နဲ့ ဆီဗီးလား တို့ကတော့ ယူရိုပါလိဂ် ကို ဆင်းသက် ခဲ့ကြရ ပါတယ်

တော့တင်ဟမ် ဟော့စပါး ဟာ စပို့တင်း လစ္စဘွန်း ကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းနိုင်ခဲ့ ပေမယ့် အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကြောင့် သရေ ၁ မှတ်သာ ရခဲ့ပြီး အုပ်စုတက်ခွင့် လက်လွှတ်ခဲ့ရကာ နောက်ဆုံးပွဲ အထိ ကြိုးစားရတော့မှာပဲ ဖြစ်ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကတော့ အိမ်ကွင်းမှာ လေဗာကူဆင် နဲ့ ၂ ဂိုးစီ သရေကျကာ ပေါ်တို နိုင်ပွဲ ရသွားတာကြောင့် ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပါတယ် ။

တီကို ဟာ ပွဲသိမ်းခရာမှုတ်ပြီးကာမှ VAR ဆုံးဖြတ်ချက် နဲ့ ပင်နယ်တီ ပြန်ကန်ခွင့် ရခဲ့ပေမယ့် ဝင်အောင် မကန်နိုင်ခဲ့ပါဘူး ။

အကယ်၍ နောက်ဆုံး ပွဲစဉ်မှာသာ ရှုံးနိမ့် ခဲ့မယ်ဆိုရင် ဒီယေဂိုဆီးမြွန်းနီ နဲ့ သူ့ရဲ့ တပ်သားတွေဟာ ယူရိုပါလိဂ် ဝင်ခွင့်တောင် မရဘဲ အုပ်စု အောက်ဆုံးကနေ အဆုံးသတ်ရမယ့် အနေအထားအထိ ရောက်ရှိ သွားခဲ့ရပါတယ် ။

ဘိုင်ယန်မြုးနစ် ကတော့ ဘာစီလိုနာ ကို အဝေးကွင်းမှာလည်း ညှာတာမှု မပေးဘဲ ၃-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ဘိုင်ယန် နည်းပြ နာဂျယ်စမန်း ဟာ ချန်ပီယံလိဂ် မှာ ဘာစီလိုနာ ကို ၄ ကြိမ်ဆက်တိုက် အနိုင်ယူ နိုင်တဲ့ ပထမဆုံး ဘိုင်ယန် နည်းပြ ဖြစ်လာခဲ့ပါတယ် ။ မနေ့ညက ပွဲမှာ ဘိုင်ယန် တောင်ပံ ကစားသမား ဂနာဘရီ ခြေစွမ်းပြခဲ့ပြီး ၃ ဂိုးစလုံးကို ဖန်တီးပေး သွားခဲ့ ပါတယ် ။

အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း ဂျွန်ကာရူး ဟာ အခွန် တိမ်းရှောင်မှုအတွက် တာဝန်ရှိကြောင်း စစ်ဆေး တွေ့ရှိ ခဲ့တာကြောင့် ပေါင် ၄ သောင်းခွဲ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်သလို ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ်လည်း ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ အသင်းနဲ့ ပြန်လည် ပါဝင်လာပြီ ဖြစ်ကြောင်း နဲ့ ဒီနေ့ည ကစားမယ့် ယူရိုပါလိဂ် လူစာရင်းထဲမှာလည်း ထည့်သွင်းသွားမှာ ဖြစ်ကြောင်း နည်းပြ အဲရစ် တန်ဟတ် က အတည်ပြု ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ပြင်သစ် ခံစစ်မှူး ရာဖေး ဗာရန်း ဟာလည်း ကမ္ဘာ့ဖလား စတင်မယ့် နိုဝင်ဘာ အလယ်ထိ ယူနိုက်တက် အတွက် ကစားပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကိုလည်း တန်ဟတ် က အတည်ပြု ပြောဆိုခဲ့ပါတယ် ။

ဗာရန်း ရဲ့ နေရာကို ဟယ်ရီ မက်ဂွဲယား အစားဝင်ဖို့ ကိုလည်း တန်ဟတ် က သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ချဲလ်ဆီး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒိုင်လူကြီး ကို ဝိုင်းဝန်း စောဒကတက်မှု နဲ့ ပတ်သက်ပြီး FA ရဲ့ စွဲချက်တင်မှု တခုကို ထပ်မံ ရင်ဆိုင် ခဲ့ရတယ်လို့ သိရပါတယ် ။ ယူနိုက်တက် ဟာ ဒီလို ဝိုင်းဝန်း စောဒကတက်မှုမျိုးကို နယူးကာဆယ် နဲ့ ပွဲတုန်းကလည်း ပြုလုပ်ခဲ့ဖူးတာကြောင့် စွဲချက်တင် ခံထားရဆဲ ဖြစ်ပါတယ် ။

လီဗာပူး နဲ့ အာဆင်နယ် တို့ ကစားခဲ့တဲ့ ပွဲစဉ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဟန်ဒါဆင် ရဲ့ အပြင်းပွားဖွယ် ဖြစ်ရပ် ( အသားအရောင်ခွဲခြားသည်ဟု သတင်းထွက်ခဲ့ ) အပေါ်ကိုတော့ FA က စွဲချက်တင်မှု ပြုလုပ် သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန် အတည်ပြု သွားခဲ့ ပါတယ် ။

လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ပရီးမီးယားလိဂ် ဒိုင်လူကြီး အဖြစ်ကနေ ထုတ်ပယ် ခံခဲ့ရဖူးတဲ့ ဘော်ဘီ မက်ဒလေ ဟာ အခုတပတ် ကစားမယ့် ဘရန့်ဖိုဒ့် နဲ့ ဝုဗ် တို့ ပွဲစဉ်မှာ ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်လာဖွယ် ရှိတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။ မက်ဒလေ ဟာ ၂၀၁၈ တုန်းက မသန်စွမ်း တယောက်ကို လှောင်ပြောင်တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာမှုကြောင့် ပရီးမီးယားလိဂ်ဒိုင် အဖြစ် ကနေ ရပ်ဆိုင်း ခံခဲ့ရသူ ဖြစ်ပါတယ် ။

ချန်ပီယံရှစ် ကလပ် ဝက်စ်ဘရွန်း ဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ စတိဗ် ဘရုစ် ရဲ့ နေရာကို အသက် ၃၉ နှစ် အရွယ် စပိန်လူမျိုး နည်းပြ ကားလိုစ့် ကော်ဘာနန် နဲ့ အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရှိရ ပါတယ် ။

ရီးရဲမက်ဒရစ် ဝါရင့် ကွင်းလယ် ကစားသမားကြီး လူကာမိုဒရစ် က အခု လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူ့အတွက် ခရိုအေးရှား အသင်းကို ကိုယ်စားပြု ကစားတဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒါကြောင့် မိုဒရစ် ဟာ ကမ္ဘာ့ဖလား အပြီးမှာ လက်ရွေးစင် အသင်းကနေ အနားယူတော့မှာပါ ။

ဥရောပ ချန်ပီယံ အင်္ဂလန် အမျိုးသမီး အသင်းနဲ့ တောင်အမေရိက ချန်ပီယံ ဘရာဇီး အမျိုးသမီး အသင်းတို့ဟာ လာမယ့် ၂၀၂၃ ဧပြီလ ထဲမှာ အမျိုးသမီး Finalissima ပွဲ အဖြစ် ဝင်ဘာလေ ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR