အိုင်ယက်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးတို့ ကစားကွက်အသစ်ကို အသုံးပြုခဲ့တဲ့ အကြောင်းရင်းကို ရှင်းလင်းလိုက်တဲ့ ကလော့

 

လီဗာပူးဟာ မနေ့ညက အမ်စတာဒမ်မှာ အိုင်ယက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ယာဂန်ကလော့က အဆိုပါပွဲစဉ်မှာ စိန်ပွင့်ပုံသဏ္ဍန် ၄-၄-၂ ကစားကွက် အသစ်ကို အသုံးပြုခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက လီဗာပူးဟာ ၄-၄-၂ ကစားကွက်ကို အသုံးပြုကာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပေမယ့် စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့မှုဟာ ဒီကစားကွက် အပေါ် သံသယတွေ တိုးစေခဲ့ပြန်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ လီဗာပူးဟာ ဖန်တီးမှုတွေ ပျောက်ဆုံးနေခဲ့ပြီး ခြေစွမ်းကလည်း ဆိုးရွားခဲ့ကာ အိုင်ယက်နဲ့ အဝေးကွင်း ပွဲစဉ်မှာတော့ ကလော့ရဲ့ အသင်းဟာ နောက်တဆင့် တက်ဖို့ အတွက် အနည်းဆုံး သရေတစ်မှတ် ရယူနိုင်ရန် လိုအပ်ခဲ့ပါတယ်။

ကလော့ဟာ အိုင်ယက်နဲ့ပွဲမှာ နူးနက်နဲ့ ဆာလားကို တိုက်စစ်မှာ ထားကာ ဖာဘင်ညို ဟန်ဒါဆန် အယ်လီယော့ နဲ့ ဖာမီနို တို့ကို diamond midfield ပုံစံ ကစားစေခဲ့ပါတယ်။

အစပိုင်းမှာ ကစားသမားတွေဟာ ဒီကစားကွက်နဲ့ ပက်သက်ပြီး ဇဝေဇဝါ ဖြစ်နေခဲ့ကာ အိုင်ယက်ရဲ့ ဖိအားပေးကစားမှုကို ခံခဲ့ရပြီး ကံကောင်းလို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၃၀ ကျော်မှာတော့ ကစားကွက်သစ်နဲ့ တဖြည်းဖြည်း အသားကျလာခဲ့ကာ ဆာလားက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး နူးနက်သာ အခွင့်အရေးကောင်းကို အဆုံးသတ်နိ်ုင်ခဲ့မယ်ဆိုရင် ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပြီး နူးနက် အယ်လီယော့ တို့က ဂိုးတွေ ဆက်တိုက်သွင်းယူကာ ဒုတိယပိုင်းအစ ၇ မိနစ်မှာပဲ ပွဲပြီးသွားခဲ့ပါတယ်။

ကလော့က သူ့ရဲ့ ကစားကွက်သစ်နဲ့ ပက်သက်ပြီး “ကျွန်တော်တို့ ၄-၃-၃ ထက်စာရင် ၄-၄-၂ diamond ကစားကွက်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ပိုပြီး လက်တွေ့ကျပါတယ်။ ဒါဟာ ကောင်လေးတွေအတွက် အသစ် ဖြစ်နေပေမယ့် ကျွန်တော်တို့ ဒါ၀င်ကို တောင်ပံမှာပဲ တောက်လျှောက် မကစားစေချင်ပါဘူး။ သူတို့ကို အတွင်းကို ပို၀င်ကစားစေချင်ခဲ့ပါတယ်။ ဒါ့ကြောင့် အနည်းငယ် ကွဲပြားတဲ့ ကစားကွက်ကို သုံးခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ သိပ်ပြီး မကွာခြားပေမယ့် ဒီကစားကွက်ဟာ တိုက်စစ်မှုးတွေကို အနည်းငယ် အတွင်း ၀င်ကစားစေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မှာ winger မရှိ ဖြစ်နေခဲ့ပြီး နောက်တန်းအစွန်လူတွေ အတွက် တောင်ပံက open ဖြစ်နေခဲ့ပါတယ်။ ဒါဟာ အသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် full-backs နဲ့ နံပါတ် ၈ နေရာတွေက ရဲရင့်ဖို့ လိုအပ်ပါတယ်။ အစောပိုင်းမှာ ကျွန်တော်တို့ တာဒစ်နဲ့ ဘော့ဘေး တို့ကို ထိန်းနိ်ုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

နောက်ပြသနာတစ်ခုကတော့ အိုင်ယက်ရဲ့ လူကပ်ကစားတဲ့ system ဟာ ကျွန်တော်တို့ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ကျွန်တော်တို့ ကွင်းလယ်ကနေ လှည့်ထွက်သင့်တဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ကာ ဒီလို မလုပ်ခဲ့တာကြောင့် ဖိအားတွေအောက် ရောက်ခဲ့ပါတယ်။

ဗာဂျယ်နဲ့ ဂိုးမက်ဇ် တို့ ရှေ့ကို တက်ကစားတဲ့ အချိန်မှာတော့ အိုင်ယက်ဟာ အနည်းငယ် ထွေသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အခြား ကစားသမားကို လူကပ်ကစားရမယ့် အခြေအနေ ရောက်သွားလို့ပါ။

အဲဒီနောက် free ဖြစ်နေတဲ့ ကစားသမား ပေါ်လာခဲ့ကာ ရုတ်တရက်ဆိုသလို ကိုယ်နဲ့ တွဲကစားနိုင်တဲ့ ကစားသမားတွေကို တောက်လျှောက် တွေ့လာခဲ့ပါတယ်။ ဒီအချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလို လုပ်နိ်ုင်ဖို့ အတွက် အချိန်တစ်ခု လိုအပ်ခဲ့တာပါ။ ဒီလို လုပ်နိုင်ချိန်မှာ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ရခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

နူးနက် အနေနဲ့ ပထမပိုင်း မပြီးခင် ၂-၀ ဖြစ်အောင် လုပ်နိုင်ခဲ့သင့်ပြီး ဖာမီနိုရဲ့ ဖန်တီးမှုကနေ ၎င်းရဲ့ ခြောက်ကိ်ုက်စည်းအတွင်း အဆုံးသတ်မှုဟာ တိုင်ထိထွက်ခဲ့ပါတယ်။ ဒါပေမယ့် နူးနက်ဟာ ဒုတိယပိုင်းမှာ ထောင့်ကန်ဘောကနေ တဆင့် ခက်ခက်ခဲခဲ ဂိုးရယူကာ အဆိုပါ လွဲချော်မှုကို ပြန်လည် ချေဖျက်ခဲ့ပါတယ်။

ဒါ၀င်နဲ့ ပက်သက်ပြီး ကလော့က “သူဟာ တကယ်ကောင်းတဲ့ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက် ကူညီပေးခဲ့သလို တိုက်စစ်မှာလည်း တကယ့်ကို ပြင်းပြင်းထန်ထန် အားထုတ် ကစားသွားခဲ့ပါတယ်။

ကျွန်တော် ဒါကို တအား နှစ်သက်ပါတယ်။ သူ့ကို စောစောစီးစီး လူစားလဲနိုင်ခဲ့တယ်လို့ မျှော်လင့်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM