ဟန်ဒါဆန်ရဲ့ နေရာအတွက် အကောင်းဆုံး အစားထိုးနိုင်မယ့် ပရီးမီးယားလိဂ် ကွင်းလယ်လူကို ပြောပြလိုက်တဲ့ မာဖီ

 

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ဒန်ကလန်ရိုက်စ်ဟာ လီဗာပူး ကွင်းလယ်မှာ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုကိုပါ ပေးစွမ်းနိုင်မယ့် အပြင် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နေရာမှာ အကောင်းဆုံး အစားထိုးနိ်ုင်မယ့် ကစားသမားလည်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ရိုက်စ်ဟာ လာမည့် နွေရာသီမှာ ၀က်ဟမ်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး အင်္ဂလန် စတားကို မန်ယူနိုက်တက် ချဲလ်ဆီး နဲ့ မန်စီးတီး တို့က စိတ်၀င်စားနေကြပါတယ်။

 

 

အသက် ၂၃ နှစ်အရွယ် ရိုက်စ်ဟာ လာမည့် ၂၀၂၄ မှာ ၀က်ဟမ်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် လာမည့် နွေရာသီမှာ ၎င်းကို ခေါ်ယူချင်တဲ့ အသင်း အနေနဲ့ ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုရနိုင်ပါတယ်။

မာဖီက လီဗာပူး အနေနဲ့ ရိုက်စ်ကို ခေါ်ယူမယ့် တိုက်ပွဲမှာ ပါ၀င်လာနိုင်တယ်လို့ ခံစားမိနေပြီး ကွင်းလယ်ခံစစ်မှာ ကစားသမား ဘ၀ အများစုကို ကစားခဲ့ရတဲ့ တိုက်စစ်ပိုင်းမှာ ရိုက်စ် အနေနဲ့ ဒီထက် အများကြီး တိုးတက်လာအုံးမှာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

ရိုက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ဂိုးထက် ပိုမို သွင်းယူထားတဲ့ ရာသီ မရှိပေမယ့်လည်း မာဖီကတော့ ၎င်းကို ကွင်းလယ်ခံစစ်မှာ ကစားခိုင်းတာထက်စာရင် တိုက်စစ်ကို ပိုမိုလိုက်ပါ ကစားခိုင်းမယ်ဆိုရင် ဒီအပိုင်းမှာ များစွာ တိုးတက်လာမှာ ဖြစ်တယ်လို့ ယုံကြည်နေပြီး လီဗာပူး ကွင်းလယ်မှာ ဟန်ဒါဆန်ရဲ့ နေရာကိုလည်း အစားထိုးပေးနိုင်မှာ ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။

မာဖီက “၀က်ဟမ်းထက် ပိုမို ကောင်းမွန်တဲ့ အသင်းမှာ ဆိုရင် သူဟာ ကွင်းလယ်ကနေ တိုက်စစ်ပိုင်းကို ဒီထက် ပိုမို လိုက်ပါ ကစားခွင့်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလို အသင်းမျိုးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် သူဟာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု နှစ်ခုပေါင်း ၁၀ ဂဏန်းလောက် ရနိုင်မှာပါ။ သူ့ဆီမှာ အရာအားလုံး ရှိနေပါတယ်။ သူဟာ ၀က်ဟမ်း နဲ့ အင်္ဂလန် အသင်း တို့မှာ ခံစစ်ကို ပိုမို လိုက်ပါ ကစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ် ခံစစ်မှာ ကောင်းကောင်း ကစားနိုင်မယ့်သူ မရှိလို့ ဖြစ်ပါတယ်။

၀က်ဟမ်း အသင်းမှာ ပြိုင်ဘက်ရဲ့ အန္တရာယ် အငွေ့အသက်ကို ခံစားနိုင်တဲ့ ကွင်းလယ်လူ ဘယ်သူမှ မရှိပါဘူး။ စတီဗင်ဂျာရတ် လီဗာပူး အသင်းကြီးမှာ စတင် နေရာ ရလာတုန်းက သူ့ကို နံပါတ် ၄ ကွင်းလယ်ခံစစ် ကစားသမား အဖြစ် ကစားခိုင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ကွင်းလယ်ဗဟို နဲ့ နံပါတ် ၁၀ နေရာတွေကို ကစားခဲ့ရပြီး အသင်းကို နိုင်ပွဲ ရရှိစေမယ့် ဂိုးတွေ ဖန်တီးမှုတွေ လုပ်ပေးခဲ့ပါတယ်။

လီဗာပူး အသင်းမှာ ကစားမယ့် ရိုက်စ်ကို ခင်ဗျားတို့ စိတ်ကူးနဲ့ မှန်းဆကြည့်လိုက်ပါ။ အကယ်၍ သူသာ လီဗာပူးကို ရောက်လာခဲ့မယ် ဆိုရင် ဖာဘင်ညိုက ကွင်းလယ်ခံစစ်မှာ ကစားပြီး သူက တီယာဂိုနဲ့ တွဲဖက် ကစားရမှာပါ။ သူဟာ လီဗာပူးမှာ ဟန်ဒါဆန်ရဲ့ နေရာကို ရယူနိုင်မှာပါ။ ဒီနေရာကနေ ကစားသွားခဲ့မယ် ဆိုရင် သူဟာ အသင်းကို ဂိုးတွေ ရယူပေးနိုင်မှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM