နည်းစနစ်အသစ်နဲ့ ခြင်္သေ့ပြာတို့ အုပ်စုဗိုလ်နဲ့ ၁၆သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ ဆဲလ်ဇ်ဘာ့ဂ် ၁ – ၂ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅ရဲ့ အစောပိုင်း ပွဲတပွဲမှာ ချဲလ်ဆီး အသင်းဟာ သြစတြီးယားမြေမှာ နောက်ဆုံး ပွဲ ၄၀ဆက် အိမ်ကွင်း ရှုံးပွဲ မရှိထားတဲ့ ဆဲလ်ဇ်ဘာ့ဂ် အသင်းကို ၁ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ အုပ်စုဗိုလ် နေရာနဲ့ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 6 )

ဂိုးပေါက် ကာကွယ်မှု အပိုင်းမှာတော့ ကီပါရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောစရာ မရှိပါဘူး ။ ဆဲလ်ဇ်ဘာ့ဂ်ရဲ့ ချေပဂိုးဟာ ၄င်းနဲ့ တဦးချင်း အနေအထားမှာ ရှိခဲ့တာကြောင့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ သို့ပေမယ့် ရှေ့တက် ဘောလုံး ထွက်ပုတ်ဖို့ ကြိုးစားတဲ့ နေရာ ၊ အဝေးဘော ဖြန့်ဝေတဲ့ နေရာတွေမှာတော့ အမှား အချို့ ရှိခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ( Rating – 8 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 6 ) ၊ မာ့ခ်ကူကူရယ်လာ ( Rating – 7 )

စနေနေ့က မန်ယူနိုက်တက်နဲ့ ပွဲက ၃ယောက်တန်း ခံစစ် အတိုင်း ဖြစ်ပေမယ့် ထွေထွေထူးထူး ခြေစွမ်း တိုးတက်ခဲ့သူကတော့ လူလိုအပ်ချက်ကြောင့် ဘယ်ခံစစ်မှူး နေရာ ကစားပေးနေရတဲ့ မာ့ခ်ကူကူရယ်လာပဲ ဖြစ်ပါတယ် ။ ယင်းစပိန်သားဟာ မနေ့ညက ပွဲမှာ ဘယ်ခံစစ်မှူး အနေနဲ့ ကောင်းကောင်း ခြေစွမ်းပြသွားခဲ့ပါတယ် ။

ဆဲလ်ဇ်ဘာ့ဂ်ရဲ့ ဘောလုံး ပေးပို့ပုံ အချို့ကို ကူကူရယ်လာ ဖြတ်တောက်နိုင်ခဲ့ပြီး ၊ ဒုတိယပိုင်း လက်ကျန် မိနစ် အချို့က ၄ယောက်တန်း ခံစစ် အပြောင်းအလဲမှာလည်း အံဝင်ခွင်ကျ ကစားပေးနိုင်ခဲ့ပါတယ် ။

ဗဟို အတွင်း ခံစစ်က သီယာဂို ဆေးလ်ဗားဟာလည်း ကျစ်လျစ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့် ၊ ဆဲလ်ဇ်ဘာ့ဂ်ရဲ့ ချေပဂိုးမှာ အမှား ကျူးလွန်ခဲ့ပြီး ပြိုင်ဖက်ကို တန်ပြန်တိုက်စစ် စတင်ခွင့် ပေးခဲ့မိပါတယ် ။ ထိုနောက်ပိုင်းမှာ ၄င်းဟာ ကီပါရဲ့ အမှား တကြိမ်ကို cover လုပ်ပေးခဲ့ပါတယ် ။

ဖိုဖာနာ ဒဏ်ရာ ရပြီးနောက် ဆက်တိုက် ပွဲထွက်ခွင့် ရထားတဲ့ ချာလိုဘာကတော့ လာမယ့် ကမ္ဘာ့ဖလားအတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ် ။ မနေ့ည က ပွဲမှာ ချာလိုဘာ ဟာ ဆဲလ်ဇ်ဘာ့ဂ်ရဲ့ အမြင့်ဘော ပေးပို့မှု အများစုကို ဒိုင်ခံ ရှင်းထုတ်ခဲ့ပြီး ၊ ခံစစ်ရဲ့ အလုပ် တော်တော်များများကို သိမ်းကြုံး လုပ်ပေးခဲ့ပါတယ် ။

ကွင်းလယ် – ခရစ်တီယန် ပူလီဆစ် ၊ ကော်နာ ဂေါ်လဂါ ( Rating – 7 ) ၊ မတ်တီယို ကိုဗာဆစ် ( Rating – 8 ) ၊ ဂျော်ဂျင်ဟို ၊ ရာဟင်း စတာလင် ( Rating – 6 )

Natural wing-back တွေကို လုံးဝ ခေါက်ပြီး False wing-back အဖြစ်နဲ့ ပူလီဆစ် ၊ စတာလင်တို့ကို တပြိုင်နက်တည်း သုံးခဲ့တဲ့ ဂရေဟမ် ပေါ်တာရဲ့ နည်းစနစ် က အံ့အားသင့်စရာ ကောင်းခဲ့ပါတယ် ။ ဒီ အခင်းအကျင်းကြောင့် ပြိုင်ဖက်က အခွင့်အရေးတွေ ပိုရခဲ့တယ်လို့ ပြောနိုင်ပေမယ့် ၊ ချဲလ်ဆီးတို့ ဂိုးသွင်းခွင့်တွေ ပိုရပြီး ၊ ကစားပုံ ညက်ညောခဲ့တာကိုလည်း ချန်ထားလို့ မရပါဘူး ။

ပုံမှန် နေရာ မဟုတ်ပေမယ့် ၊ ပူလီဆစ်ရော စတာလင်ပါ ခံစစ် အတွက် တတ်နိုင်သလောက် ကြိုးစားပေးခဲ့ပါတယ် ။ အထူးသဖြင့် ပူလီဆစ် ဆိုရင် တကိုယ်တော် dribbling တွေနဲ့ ပြိုင်ဖက် ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ကူညီပေးခဲ့သလို ၊ ဟာဗက်ဇ်ရဲ့ ဂိုးမတိုင်မီ ပြိုင်ဖက် နောက်ခံလူ ၂ယောက်ကို လှည့်စားနိုင်ခဲ့ကာ ၊ ဂိုးဖန်တီးမှု လုပ်ပေးခဲ့ပါတယ် ။

စတာလင်ကတော့ ဒီပွဲမှာ အခွင့်အရေး မည်မည်ရရ မရခဲ့ပေမယ့် ၊ အူဘားမီးယန်းနဲ့ အခြား အသင်းဖော်တွေ ဂိုးသွင်းပေးနိုင်ဖို့ကို အဓိက အာရုံစိုက်သွားခဲ့ပါတယ် ။ ကွင်းလယ်မှာတော့ double pivot အတွဲ ဖြစ်တဲ့ ဂျော်ဂျင်ဟို – ကိုဗာဆစ် အတွဲဟာ အတိုင်းအတာ တရပ် အထိ solid ဖြစ်ခဲ့ပါတယ် ။

အိမ်ရှင်ဖက်က ကွင်းလယ်ကနေ ထိုးဖောက်နိုင်ခဲ့တာ အတော်ရှားပြီး ၊ ကိုဗာဆစ်ဟာ work rate အပြင် ခံစစ်နဲ့ တိုက်စစ်ကြားက ကစားသမား တဦး အနေနဲ့ ချိတ်ဆက်မှုတွေ လုပ်ပေးခဲ့ကာ ၊ အဖွင့်ဂိုးကိုလည်း first time ကန်ချက်ကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ် ။

ဂျော်ဂျင်ဟိုကတော့ အဝေးဘော ပေးပို့မှု အနည်းငယ် လုပ်ပေးနိုင်ခဲ့ပေမယ့် ၊ များသောအားဖြင့် အတိုပေးဘောတွေနဲ့သာ ပွဲထိန်းဖို့ ကြိုးစားခဲ့ပါတယ် ။

ကွင်းလယ် ဖန်တီးရှင် နံပါတ် ၁၀ နေရာမှာတော့ ဂေါ်လဂါ နေရာ ရခဲ့ပြီး ၊ ဒါဟာ သူ့အတွက် ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ခွင့်လည်း ဖြစ်ပါတယ် ။ ဘောလုံး ခြေထဲ ရှိတဲ့ အချိန် လုပ်အားနှုန်း ကောင်းကောင်း ပြိုင်ဖက် ခံစစ်ကို အင်တိုက်အားတိုက် ထိုးဖောက်ခဲ့သလို ၊ တိုက်စစ် အတွက် ဖန်တီးမှု အချို့ လုပ်ပေးနိုင်ခဲ့ပါတယ် ။

တိုက်စစ် – ကိုင်ဟာဗက်ဇ် ( Rating – 7 ) ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ( Rating – 5 )

ပြီးခဲ့တဲ့ အပတ်က ဘရန်းဖို့ဒ်နဲ့ ပွဲမှာ စိတ်ပျက်ဖွယ် ခြေစွမ်းသာ ပြသနိုင်ခဲ့တဲ့ ဟာဗက်ဇ် ဟာ ဒီပွဲမှာတော့ အဆုံးအဖြတ်ဂိုး သွင်းယူခဲ့ပါတယ် ။ ပထမပိုင်းမှာ ၄င်းရဲ့ စွမ်းဆောင်ရည် က သိပ်ပြီး မသိသာခဲ့ပေမယ့် ၊ အမြင့်ဘော ယှဉ်လုတဲ့ နေရာမှာတော့ အသာရခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ ၄င်းရဲ့ တကိုယ်တော် ရုန်းအား ၊ နေရာယူပုံတွေ ပိုကောင်းခဲ့ပါတယ် ။

ရှေ့ ချန်ပီယံလိဂ် ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ အူဘားမီးယန်း ကတော့ ဒီပွဲမှာ စိတ်ပျက်စရာ အကောင်းဆုံး ချဲလ်ဆီး စတား ဖြစ်ခဲ့ပါတယ် ။ အပိုင် အခွင့်အရေး ၃ကြိမ်လောက် အထိ ရခဲ့တာကို ယင်းဂါဘွန်သား ဖြုန်းတီးပစ်ခဲ့သလို ၊ ၄င်းကြောင့် ချဲလ်ဆီးတို့ ပထမပိုင်းမှာ kill the game မလုပ်နိုင်ခဲ့တာ ဖြစ်ပြီး ၊ မပြတ်မသား ရလဒ်မျိုးသာ ရခဲ့တာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အာမန်ဒို ဘရိုဂျာ ( Rating – 6 ) ၊ ဟာကင် ဇီယက်ခ်ျ ၊ မေဆင်မောင့် ( Rating – 5 )

SPORTS MYANMAR