တီယာဂို အပြင် အခြား လီဗာပူးကစားသမား ၅ ဦးရဲ့ ကြံ့ခိုင်မှု အခြေအနေကို အိုင်ယက်နဲ့ပွဲစဉ်မတိုင်မီ အသိပေးလိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ တီယာဂိုအယ်ကန်တာရာ ဂျိုရယ်မာတစ် အေဗရာဟီမာကိုနာတေး နဲ့ ဒါ၀င်နူးနက် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို ယနေ့ည အိုင်ယက်နဲ့ ကစားရမယ့် လီဗာပူးရဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ ပြောပြသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုကို ပြန်လည် အဖက်ဆယ်သွားဖို့ အတွက် အမ်စတာဒမ်မှာ အကောင်းဆုံး လုပ်ပြရန် ပြင်ဆင်နေပါတယ်။

တီယာဂို နဲ့ နူးနက် တို့ဟာ ဖောရက်စ်နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ကြပြီး ကလော့က စပိန် ကွင်းလယ်လူဟာ ဒဏ်ရာ ပြသနာ ရှိနေဆဲလို့ ကလော့က အတည်ပြုခဲ့ပေမယ့် ဥရုဂွေး တိုက်စစ်မှုးနဲ့ ပက်သက်ပြီး သတင်းကောင်းက ရှိနေပါတယ်။ မာတစ်ကလည်း ပြန်လည် ကစားပေးနိုင်မယ့် အခြေအနေ မရှိသေးပေမယ့် ကိုနာတေး ကတော့ မိနစ် တစ်ချို့ ၀င်ကစားနိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ကိုနာတေးဟာ ယခုလ အစောပိုင်းက ရိန်းဂျားကို ၇-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူးအတွက် နောက်ဆုံး ကစားပေးခဲ့တာ ဖြစ်ပါတယ်။

အိုင်ယက်နဲ့ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ တီယာဂိုရဲ့ ear infection နဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကလော့က “သူ ပါ၀င်နိုင်အုံးမှာ မဟုတ်ပါဘူး။ အမှန်ပါပဲ။ ကိုနာတေး ကတော့ လေ့ကျင့်ရေးကွင်းမှာ ရှိနေပါတယ်။ သူဟာ မနေ့က ပထမဦးဆုံး အကြိမ် အသင်းနဲ့ ကောင်းကောင်း လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါတယ်။ သူဟာ အကြာကြီး နားခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အီဘူ (ကိုနာတေး)ဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာပါ။ သူ့ကို ၉၅ မိနစ် ကစားခိုင်းဖို့ ကတော့ သိပ်ပြီး အဓိပ္ပာယ် မရှိပါဘူး။ ဒါပေမယ့် သူဟာ မိနစ် တစ်ချို့ ၀င်ကစားနိုင်ရန် အသင့် ဖြစ်နေတယ်လို့ ကျွန်တော် ပြောရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နူးနက်ရဲ့ အခြေအနေ အပေါ် ကလော့က “ဒါ၀င်က အိုကေပါတယ်။ သူ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။ သူဟာ မနေ့ကကော ဒီနေ့ပါ အသင်းနဲ့အတူ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာတော့ သူဟာ အိုင်ယက်နဲ့ ပွဲစဉ် အတွက် available ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။”

တီယာဂို အနေနဲ့ ear infection ကြောင့် လာမည့် စနေနေ့ လိဒ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုပါ လွဲချော်နိုင်သလား ဆိုတဲ့ မေးခွန်း အပေါ် လီဗာပူး မန်နေဂျာက “ဒီလို မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘယ်သူ သိနိုင်မှာလဲ?” လို့ မတင်မကျ ဖြေကြားသွားပါတယ်။

ဆက်လက်ပြီး ကလော့က နာဘီကီတာ နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။

“နာဘီ နဲ့ အောက်စ် တို့ဟာ ကိုနာတေး လိုမျိုးပါပဲ။ ဒါပေမယ့် သူတို့ဟာ ချန်ပီယံလိဂ် လူစာရင်းမှာ မပါကြပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးက သူတို့ဟာ အချိန်မှီ ready မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြလို့ပါ။” လို့ ဆိုလိ်ုက်ပါတယ်။

SM