ဆဲလ်ဇ်ဘာ့ဂ်နဲ့ ပွဲမှာ အူဘားမီးယန်း အပိုင်အလုံးတွေ ဖြုန်းတီးခဲ့ခြင်း အပေါ် တုန့်ပြန်လာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅မှာ သြစတြီးယား ချန်ပီယံ ဆဲလ်ဇ်ဘာ့ဂ် အသင်းကို အဝေးကွင်းမှာ ၁ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ အုပ်စု E ရဲ့ ဗိုလ်နေရာကနေ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ပွဲပြီး ရလဒ် တခုတည်းကို ကြည့်ရင် ချဲလ်ဆီးတို့ ဒီပွဲကို ထင်ထားတာထက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်လို့ ဆိုနိုင်ပေမယ့် ၊ တကယ်တမ်းမှာ ပထမပိုင်း အတွင်း ဦးဆောင်ဂိုး ရပြီး နောက်ပိုင်း ရခဲ့တဲ့ အခွင့်အရေးတွေကနေ kill the game လုပ်နိုင်ခဲ့ရင် ၊ ပွဲက စောစောစီးစီး ပြီးခဲ့မှာ ဖြစ်ပါတယ် ။

 

အထူးသဖြင့် မနေ့ညက ပွဲရဲ့ တိုက်စစ်မြားဦးမှာ ပွဲထွက် ပါဝင်ခဲ့တဲ့ အူဘားမီးယန်း ဟာ ပထမပိုင်း အတွင်း ဂိုးသမားနဲ့ one vs one အပိုင် အခွင့်အရေး အပါအဝင် အခြားသော ဂိုးသွင်းခွင့် ၂ကြိမ်လောက် ရခဲ့ပေမယ့် ၊ ဖြုန်းတီးပစ်ခဲ့တာကြောင့် ပွဲက ထင်ထားတာထက် ပိုခက်ခဲ့တာ ဖြစ်ပါတယ် ။

ရှေ့က ချန်ပီယံလိဂ် အုပ်စု ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ အူဘားမီးယန်း ဟာ ဆန်စီရိုက သွင်းဂိုး နောက်ပိုင်း ဂိုးပေါက် ရှာတွေ့ဖို့ ရုန်းကန်နေရပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က အခွင့်အရေး အများအပြား ရလျက်သားနဲ့ ပွဲကို စောစောစီးစီး အဆုံးမသတ်နိုင်ခဲ့ခြင်း အပေါ် အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

ပေါ်တာ က ” ဒီကို ရောက်မလာခင် အထိ ကျွန်တော် ဘာမှ မှတ်ချက်ပေးလို့ မရပါဘူး ။ ဒါပေမယ့် ကျွန်တော့ဖက်က ပြောနိုင်တာက အသင်းသားတွေ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပြီး ၊ ကစားပုံ ကောင်းခဲ့တယ် ဆိုတာပါပဲ ။ ကစားသမားတွေကို သူတို့ရဲ့ အမြင့်မားဆုံး အရည်အသွေးမျိုး ရရှိအောင် ကျွန်တော့ အနေနဲ့ ဆက်လက် ထောက်ခံမှု ပေးရမှာပါ ။ ”

” အခွင့်အရေး ပိုဖန်တီးလာနိုင်တာနဲ့ အမျှ အရည်အသွေးကလည်း သူ့အလိုလို ရောက်လာပါလိမ့်မယ် ။ ဒီတော့ အဲဒီအပေါ် ကျွန်တော် စိုးရိမ်နေတာမျိုး မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပေါ်တာ က မနေ့က ပွဲမှ ချဲလ်ဆီးရဲ့ အသင်းလိုက် ကစားပုံ အပေါ် အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ် ။

ပေါ်တာ က ” ပြိုင်ဖက် အသင်းရဲ့ အိမ်ကွင်း မှတ်တမ်းကို ကြည့်လိုက်ရင် ဒီမှာ အနိုင်ရအောင် ကစားဖို့က မလွယ်ဘူး ဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းဖို့ လိုခဲ့ပြီး ၊ ဒါကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ”

” ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေး ပိုဖန်တီးနိုင်ခဲ့ပြီး ၊ ၁ – ၀ ရလဒ်နဲ့ပဲ ဦးဆောင်နိုင်ခဲ့တာက ကံဆိုးခဲ့ပါတယ် ။ အဲဒီနောက် ဒုတိယပိုင်း စစချင်း ပြိုင်ဖက်ရဲ့ တုန့်ပြန်မှု တကြိမ်ကနေ ၁ – ၁ ဖြစ်ခဲ့ရပါတယ် ။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ တုန့်ပြန်ပုံ က အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ် ။ ”

” ဒီတော့ အုပ်စု အဆင့်ကနေ ကျော်လွန်နိုင်ခဲ့လို့ ကျွန်တော် ဝမ်းမြောက်မိပါတယ် ။ အသင်းလိုက် ကစားပုံနဲ့ ပတ်သက်ပြီးလည်း ကျေနပ်မှု ရှိပါတယ် ။ သူတို့တွေ ဒီနေ့ညမှာ အံ့သြဖွယ်ရာ ခြေစွမ်းမျိုး ပြသသွားခဲ့ကြပါတယ် ။ အုပ်စု လက်ကျန် တပွဲ အလို ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက အရမ်းကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR