ကိုဗာဆစ်ရဲ့ ဒဏ်ရာ အကြောင်း အသိပေးရင်း ၊ ဆဲလ်ဇ်ဘာ့ဂ်နဲ့ ပွဲမှာ ဘာကြောင့် False wing-back တွေ သုံးခဲ့လဲ ဆိုတာ ရှင်းပြလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ ဆဲလ်ဇ်ဘာ့ဂ် အသင်းကို အဝေးကွင်းမှာ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ၊ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တို့ သွင်းဂိုးတွေနဲ့ အတူ ၁ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် ချဲလ်ဆီး ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ကာ ၊ နှောင်းပိုင်း အုပ်စု E မှ ပွဲတပွဲမှာ အေစီမီလန် က ဒိုင်နမိုဇာဂရက်ကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အတွက် ချဲလ်ဆီးတို့ တပွဲ အကျန်မှာ အုပ်စုဗိုလ် နေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အတွက် အထူး ခြေစွမ်းပြခဲ့တဲ့ ကစားသမား အချို့ ရှိပြီး ၊ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ဟာ Man of the Match ဆုနဲ့ ထိုက်တန်တဲ့ အထိ စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ် ။ အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တဲ့ အပြင် ၊ ကိုဗာဆစ် ဟာ ကွင်းလယ်ကို လုပ်အားနှုန်းကောင်းကောင်းနဲ့ ဦးဆောင်ပေးခဲ့ပါတယ် ။

သို့ပေမယ့် ကံဆိုးစွာနဲ့ ဒုတိယပိုင်း တဝက်လောက်မှာ အနည်းငယ် ထိခိုက်မိခဲ့လို့ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။ ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ကိုဗာဆစ်ရဲ့ ဒဏ်ရာ အကြောင်း အခုလိုပဲ အသိပေးခဲ့ပါတယ် ။

ပေါ်တာ က ” ဟုတ်ပါတယ် ။ မတ်တီယိုဟာ ဒီနေ့ပွဲ အတွင်း ပေါင်ကြွက်သား အနည်းငယ် ထုံတဲ့ ခံစားချက်မျိုး ရခဲ့ပါတယ် ။ ထွေထွေထူးထူးတော့ ပြဿနာ မရှိဖို့ပဲ မျှော်လင့်ရပါတယ် ။ မေဆင် ၊ ရူဘင်တို့လည်း ထိုနည်း၄င်းပါပဲ ။ ဒါက လက်ရှိ ရောက်ရှိနေတဲ့ ဘောလုံးရာသီရဲ့ အချိုးအကွေ့ တရပ်ပဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဂရေဟမ် ပေါ်တာ ဟာ wing-back ၂နေရာလုံးမှာ တောင်ပံ တိုက်စစ် ကစားသမား စင်စစ် ၂ဦး ဖြစ်တဲ့ ရာဟင်း စတာလင်နဲ့ ခရစ်တီယန် ပူလီဆစ်တို့ကို ပွဲထုတ် အသုံးပြုခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က ပွဲအပြီးမှာ အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပေါ်တာ က ” False wing-back တွေကို အသုံးပြုရခြင်းရဲ့ အိုင်ဒီယာ က ရက်ဒ်ဘူးလ်ရဲ့ ခံစစ် ကစားပုံကြောင့်ပါ ။ သူတို့ဟာ များသောအားဖြင့် ခင်ဗျားကို ဘက်ပြောင်းနေရာလွတ်တွေ ပေးတတ်ပါတယ် ။ ဒီတော့ ခင်ဗျားသာ တဦးချင်း အနေအထားမျိုး တော်တဲ့ ကစားသမားတွေဆီ ဘောလုံး ပေးပို့နိုင်ရင် ၊ ဒီအားသာချက်ကို ကောင်းကောင်း အသုံးချနိုင်ပါတယ် ။ ”

” နောက်ပြီး ဒီ False wing-back နည်းစနစ်က ပြိုင်ဖက်ရဲ့ ခံစစ် ကစားပုံကို ချဲ့ပေးနိုင်ပြီး ၊ ပွဲကို ပိုပြီး open ဖြစ်စေပါတယ် ။ ရာဟင်းနဲ့ ခရစ်တီယန်တို့ဟာ နေရာကောင်း အချို့ ရခဲ့ပြီး ၊ ပြိုင်ဖက်ရဲ့ ၄ယောက်တန်း ခံစစ်က ကော်နာကိုလည်း နေရာလွတ်တွေ အများကြီး ပေးခဲ့ပါတယ် ။ ဒီကနေတဆင့် ကျွန်တော်တို့ ကိုင်ကို အတွင်းထဲ ဝင်ကစားစေပါတယ် ။ ”

” ပထမပိုင်းမှာ ကျွန်တော်တို့ ဦးဆောင်ဂိုး ၂ဂိုးလောက် ရခဲ့သင့်တယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ပြိုင်ဖက်ရဲ့ ခံစစ် ကစားပုံကြောင့် ဒီလောက်ကြီး မလွယ်ပါဘူး ။ ဒါပေမယ့် ခြုံပြောရရင် အသင်းလိုက် ကစားဟန် အပေါ် အားရကျေနပ်မှု ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR