အာဆင်နယ် အသင်း အမှတ်ပေး ဇယား ထိပ်ဆုံးရောက်နေတဲ့ အပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာတဲ့ ရမ်ဆေး

အာရွန် ရမ်ဆေး က ဒီနှစ်မှာ အသင်းဟောင်း အာဆင်နယ် အသင်း အမှတ်ပေး ဇယား ထိပ်ဆုံး ရောက်နေတဲ့ အပေါ် ဝမ်းသာ ပီတိ စကားတွေ ဆိုသွားခဲ့ပြီး အသင်းဖော်ဟောင်း နည်းပြ အာတေတာ ကိုလည်း ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

ရမ်ဆေးက Mirror နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် မှာ ကစားစဉ် အချိန်ကတည်းက မီခေးလ် နဲ့ သိခဲ့တာပါ ၊ အဲ့ဒီ အချိန်ကတည်းက သူဟာ တစ်နေ့တစ်ချိန် မန်နေဂျာ ဖြစ်မယ်လို့ ထင်ထားခဲ့ပြီးသားပါ ၊ သူ့ကို အာဆင်နယ် နည်းပြ အဖြစ် ခန့်အပ်လိုက်ချိန်မှာ ကျွန်တော့်ကို ကျွန်တော့်ကို လာမေးကြပါတယ် ။ ”

” အဲ့အချိန်ကတည်းက အာဆင်နယ် အသင်းရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန် ကောင်းမွန်ကြောင်း ကျွန်တော် ပြောခဲ့ပါတယ် ။ အခု အချိန်မှာ သူ အောင်မြင် နေတာကို ခင်ဗျားတို့ မြင်တွေ့ နေရပါပြီ ၊ အာဆင်နယ် က ဒီရာသီမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသ ထားနိုင်ပါတယ် ။ ”

” အာဆင်နယ် အသင်းက အခု ထိပ်ဆုံး ရောက်နေသလို ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ ။ အာဆင်နယ် အသင်းအတွက် အစစ အရာရာ ကောင်းမွန်နေတဲ့ အချိန်အခါပါပဲ ၊ ရာသီကုန်ဆုံးဖို့က အများကြီး ကျန်နေသေးတယ်ဆိုတာ ဟုတ်ပါတယ် ။ ”

” ဒါပေမယ့် အခုလက်ရှိ အာဆင်နယ် အသင်း ပုံစံကောင်းရနေတာကို မြင်ရတာ ကျွန်တော့်လို ဂန်းနားဟောင်း တစ်ဦး အတွက် သိပ်ပျော်စရာ ကောင်းပါတယ် ၊ ကျွန်တော်က ခုထက်ထိ အာဆင်နယ် ပရိသတ် အဖြစ် ရှိနေဆဲပါ ၊ ပရိသတ်တွေ အတွက် တကယ့်ကို စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့ အချိန်ပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဝေးလ်စ် လက်ရွေးစင် ရမ်ဆေး ဟာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ နှစ်ကြိမ် မှာ အာဆင်နယ် အတွက် အနိုင်ဂိုးတွေ သွင်းယူ ပေးခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားတာကြောင့် ယူဗင်တပ်စ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာ သွားခဲ့ပါတယ် ။

ရမ်ဆေး ဟာ အာဆင်နယ် နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူထားခဲ့ပေမယ့် နည်း​ပြ အပြောင်းအလဲ ဖြစ်ခဲ့တဲ့နောက် သဘောတူညီမှု ပျက်ပြယ် သွားခဲ့ရတာပါ ။ အာဆင်ဝင်းဂါး ထွက်ခွာ ခဲ့ပြီးနောက် နည်းပြသစ် ဖြစ်လာတဲ့ အမ်မရီ ဟာ ရမ်ဆေးကို စာချုပ် သက်တမ်းမတိုးဘဲ အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ရမ်ဆေး ဟာ စီရီးအေ ကလပ် ယူဗင်တပ်စ် အသင်းကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ရမ်ဆေး ဟာ အီတလီမြေမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန် ခဲ့ရပြီးနောက် ရိန်းဂျား အသင်းကို ထပ်မံ ပြောင်းရွှေ့ကစားခဲ့ပါတယ် ။ ခုလက်ရှိမှာတော့ ရမ်ဆေး ဟာ ပြင်သစ် လီဂူး ၁ ကလပ် နိစ် အသင်းမှာ ကစားနေပါတယ် ။

SM