သြစတြီးယား ခရီးစဉ်သို့ လိုက်ပါခဲ့ခြင်း မရှိတဲ့ ကူလီဘာလီရဲ့ ဒဏ်ရာ အတိမ်အနက် အကြောင်း အသိပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၅ အဖြစ် သြစတြီးယား ကလပ် ဆဲလ်ဇ်ဘာ့ဂ် အသင်းကို အဝေးကွင်းမှာ သွားရောက် ကစားဖို့ ရှိပါတယ် ။ ဒီပွဲကို အနိုင်ရတာနဲ့ ချဲလ်ဆီးတို့ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ဖို့ သေချာလုနီးပါး ဖြစ်သွားပါလိမ့်မယ် ။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲက ကစားသမား စာရင်း အတိုင်း ချဲလ်ဆီးတို့ သြစတြီးယားသို့ ခရီးနှင်ခဲ့တာ ဖြစ်ပြီး ၊ စနေနေ့က ပွဲကို ပူပူနွေးနွေး လွဲချော်ခဲ့တဲ့ ဆီိနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီ ထိုခရီးစဉ်ကို လိုက်ပါနိုင်ခဲ့ခြင်း မရှိပါဘူး ။

ကူလီဘာလီ ဟာ ပြီးခဲ့တဲ့ အပတ် ကြားရက်က ကစားခဲ့တဲ့ ဘရန်းဖို့ဒ်နဲ့ အနောက်လန်ဒန်ဒါဘီ ပွဲမှာ ထိုဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး ၊ အထူးအထွေ ပြင်းထန်ခြင်း မရှိတာကြောင့် ၊ လာမယ့် စနေနေ့မှာ ကစားမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်ပါလာနိုင်ဖို့ မျှော်မှန်းရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ကူလီဘာလီရဲ့ နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်ပြီး ” ဒဏ်ရာ အခြေအနေ က ပြင်းထန်ခြင်း မရှိပါဘူး ။ ဒါပေမယ့် မနက်ဖြန်ပွဲက သူ့အတွက် အရမ်း စောလွန်းပါတယ် ။ ”

” သူ လာမယ့် ဗုဒ္ဓဟူး ၊ ကြာသပတေးလောက် မြက်ခင်းပြင်နဲ့ ပြန်ပြီး ထိတွေ့နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ် ။ ဒါပေမယ့် မနက်ဖြန်ပွဲကိုတော့ သူ မကစားပေးနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စု E ကို ဦးဆောင်ထားပေမယ့် ၊ လက်ကျန် ၂ပွဲလုံး အနိုင်ကစားမှ အုပ်စုဗိုလ်နဲ့ နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ် ။

ယနေ့ညမှာ ရင်ဆိုင်ရမယ့် ဆဲလ်ဇ်ဘာ့ဂ် အသင်းဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ ပထမဆုံး ထိပ်တိုက် ကစားခဲ့ရတဲ့ ပြိုင်ဖက် ဖြစ်ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျက ထိုပွဲဟာ တဖက် တဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ် ။ ဂရေဟမ် ပေါ်တာ က ယနေ့ည သြစတြီးယားမှာ ကစားမယ့် ပွဲနဲ့ ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ပေါ်တာ က ” လက်ကျန် ၂ပွဲလုံး နိုင်ခဲ့ရင်တော့ ကောင်းမှာပါ ။ ခင်ဗျားတို့ ပြောကြသလို အနိုင်ရခြင်းရဲ့ အကျိုးဆက်ကလည်း ရှိပါသေးတယ် ။ ကျွန်တော်တို့ကတော့ မနက်ဖြန်ပွဲကို အရင် နိုင်အောင် ကစားဖို့ပဲ တွေးထားပြီး ၊ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ကစားပေးသွားမှာပါ ။ ”

” မနက်ဖြန်မှာ ဆဲလ်ဇ်ဘာ့ဂ်ကွင်းရဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ထိ ခက်ခဲမလဲ ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဒီစိန်ခေါ်မှု အတွက် အသင့်ရှိနေရပါမယ် ။ ကျွန်တော်တို့ဟာ နေရာကောင်း တခုမှာ ရောက်နေပေမယ့် ၊ အုပ်စုကနေ ကျော်လွန်သေးတာ မဟုတ်ပါဘူး ။ ”

” နောက်တဆင့် တက်ဖို့ ရမှတ်တွေ လုံလုံလောက်လောက် မရထားပါဘူး ။ ရှေ့ဆက် ကျွန်တော်တို့ ကြိုးစားရပါမယ် ။ ဒါက ကျွန်တော်တို့ အတွက် စမ်းသပ်မှု ၊ စိန်ခေါ်မှု တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR