လီဗာပူး ကို အနိုင်ယူပြီးနောက် အာဆင်နယ် အသင်းကို သတိပေးစကားဆိုလိုက်တဲ့ နော်တင်ဟမ်ဖောရက်စ် ကပ္ပတိန်

 

ဒီတစ်ပတ်မှာ တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ လီဗာပူး အသင်းကို အနိုင်ယူပြီး အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ် ။ နောက်တစ်ပတ်မှာတော့ ဖောရက်စ် အသင်းဟာ အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်း ခေါင်းဆောင် ရိုင်ယန်ရိတ်စ် ကတော့ လာမယ့် အပတ် အာဆင်နယ် အသင်း နဲ့ ပွဲမှာလည်း အားလုံး အံ့အား သင့်အောင် လုပ်ပြမယ်လို့ ကြွေးကြော်လိုက်ပြီး ပွဲကစားမယ့် နေ့ကို အမြန်ရောက်ချင်နေပြီ လို့ ပြောကြား သွားခဲ့ပါတယ် ။

Playoff မှာ အနိုင်ရပြီး ပရီးမီးယားလိဂ် ကို တန်းတက်လာခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ဒီရာသီ ၁၂ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၂ ပွဲသာ ရသေးပြီး အမှတ်ပေး ဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ အသင်းပါ ။

ဖောရက်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လင်ဂတ် ၊ အော်ရီယာ တို့လို ကစားသမားတွေ အပါအဝင် ကစားသမား ၂၁ ဦး အတွက် ပေါင် သန်း ၁၅၀ အသုံးပြု ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာ တန်းကျန်ရစ်ဖို့ ရုန်းကန် ရမယ့် အနေအထား ရောက်နေပါတယ် ။

စတိဗ် ကူးပါး ရဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၈ ဂိုးနဲ့ ဒုတိယ သွင်းဂိုး အနည်းဆုံး အသင်း ဖြစ်နေပြီး ပေးဂိုးကလည်း ၂၃ ဂိုး အထိ ခွင့်ပြု ထားရပါတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ ဖောရက်စ် ဟာ လီဗာပူး အသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ ဧည့်ခံ ကစားပြီး အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ် ။

လာမယ့် အပတ်မှာတော့ အမှတ်ပေးဇယား အောက်ဆုံးက ဖောရက်စ် တို့ဟာ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ် အသင်း ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ သွားရောက် ယှဉ်ပြိုင် ကစားရပါမယ် ။ ဖောရက်စ် ကပ္ပတိန် ရိတ်စ် ကတော့ အာဆင်နယ် နဲ့ပွဲမှာလည်း အံ့အားသင့်စရာ ရလဒ် ထပ်မံ ရယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

” ကျွန်တော်တို့ အားလုံး အာဆင်နယ် နဲ့ ကစားရမယ့်ပွဲကို အမြန်ဆုံး ရောက်ချင်နေကြပါပြီ ။ တနင်္ဂနွေနေ့အမ်းမရိတ်မှာ ကစားရမယ့်ပွဲမှာလည်း ကျွန်တော်တို့ အသင်းက underdog အသင်း အဖြစ် ဆက်ရှိနေမယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာ ကျွန်တော်တို့က အလွယ်တကူ အနိုင်ယူလို့ မရတဲ့ အသင်း တစ်သင်းဆိုတာ ပြသနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အက်ဖ်အေ ဖလားပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ကစားခဲ့တဲ့ အသင်းပါ ။

SM