လတ်တလော သာမန် ခြေစွမ်းအောက် ရောက်နေတဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ကစားထားသမျှ ပွဲအားလုံး ရှုံးပွဲ မရှိထားသလို ၊ အသင်းလိုက် ကစားဟန်နဲ့ တဦးချင်း ကစားပုံမှာလည်း များစွာ တိုးတက်မှု ရှိလာပါတယ် ။ သို့ပေမယ့် ခြေစွမ်း ပုံမှန် မပြနိုင်သေးတဲ့ အသင်းသား အချို့လည်း ၄င်းလက်ထက်မှာ ကျန်ရှိနေပါသေးတယ် ။

ထိုအထဲမှာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ဘရိုက်တန် ၊ မန်စီးတီး အသင်းတွေကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန် ကြယ်ပွင့် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာနဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်တို့ ပါဝင်နေပါတယ် ။

ဒီ ကစားသမား ၂ဦး အတွက် ချဲလ်ဆီးတို့ ပေါင်သန်း ၁၀၀ ဝန်းကျင် သုံးစွဲခဲ့ရပြီး ၊ ရာသီ အဖွင့် ကာလ အတွင်းက လွဲကာ ၊ ၄င်းတို့ဆီကနေ ထိုက်သင့်တဲ့ စွမ်းဆောင်ရည်တွေ မြင်တွေ့ထားရခြင်း မရှိသေးပါဘူး ။ ကူကူရယ်လာဆိုရင် နောက်ပိုင်း ကစားခွင့် ရတဲ့ ပွဲတွေမှာ ခြေစွမ်းက သာမန်အောက် ရောက်နေခဲ့ပါတယ် ။

 

လတ်တလောမှာ ချဲလ်ဆီးတို့ ခံစစ်ပိုင်း ဒဏ်ရာ ပြဿနာ အချို့ ရင်ဆိုင်နေရချိန် ၊ ကူကူရယ်လာ ဟာ အသင်း အတွက် အားထားရမယ့် စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ခြင်း မရှိပါဘူး ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က ယင်းစပိန်သား လတ်တလောမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရခြင်း အပေါ် အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပေါ်တာ က ” မာ့ခ်မှာ ပြဿနာ နည်းနည်း ရှိနေပါတယ် ။ ဒီရက်ပိုင်း အတွင်း သူ နေမကောင်း ဖြစ်တဲ့ အတွက် ပဋိဇီဝဆေးတွေ မှီဝဲထားရပါတယ် ။ ဒါပေမယ့် အခြေအနေတော့ အများကြီး ပိုကောင်းလာပါပြီ ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ သူ့ကို လူစားလဲခဲ့တာက နည်းစနစ်ပိုင်းအရ ဖြစ်ပါတယ် ။ ”

” အဲဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကွင်းလယ်က အကူတယောက် ထပ်လိုခဲ့တာပါ ။ နောက်ပြီး လတ်တလော ကိစ္စတွေကြောင့် သူကို လူစားလဲခံရဖို့ ဆုံးဖြတ်ခဲ့ရပါတယ် ။ သူ ကံနည်းနည်း ဆိုးခဲ့တာပေါ့ ။ အခုတော့ သူ ပြန်ကောင်းနေပါပြီ ။ အသင်း အတွက် တိုက်ပွဲဝင်ဖို့ ၊ ကစားပေးဖို့ သူ အဆင်သင့်ဖြစ်နေပါပြီ ။ ”

” သူ့မှာ ဘယ်တော့မှ လက်မလျှော့တတ်တဲ့ ခံယူချက်မျိုး ရှိပါတယ် ။ သဘောအရမ်းကောင်းတဲ့့ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ် ။ အသင်းပြောင်းတဲ့အခါ တခါတလေ ကိုယ့်အတွက် အရမ်း အံဝင် အဆင်ပြေတာ ရှိတတ်သလို ၊ တခါတလေမှာ အနိမ့်အမြင့် အတက်အကျ အခြေအနေ အချို့နဲ့ ကြုံရတတ်ပါတယ် ။ မာ့ခ်ဟာ ဒီအခိုက်အတန့်တွေနဲ့ ရင်ဆိုင်နေရတာပါ ။

” ဒါပေမယ့် သူဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်တာကြောင့် မကြာခင် ကိုယ်ပိုင် အရည်အသွေး အစစ်အမှန်ကို ထုတ်ပြပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ကူကူရယ်လာ နည်းတူ စတာလင်ဟာလည်း နောက်ဆုံး ကစားတဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ တဂိုးသာ သွင်းယူထားနိုင်ပြီး ၊ ၄င်းဆီကနေ သွင်းဂိုးများစွာ မျှော်လင့်ထားတဲ့ ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ ထိုမှတ်တမ်း က စိတ်ပျက်စရာကောင်းစေမှာ သေချာပါတယ် ။

စတာလင်နဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က ” ဒါက အသင်းလိုက် အကြောင်းအရာနဲ့ ပိုသက်ဆိုင်ပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ အသင်းလိုက် ကစားပုံ ပိုကောင်းအောင် ကြိုးစားနေပြီး ၊ အသင်းလိုက် တိုက်စစ် ကစားပုံ တိုးတက်လာအောင်လည်း ကြိုးစားနေပါတယ် ။ ဒါမျိုး ဖြစ်လာဖို့ဆိုရင် တယောက်နဲ့ တယောက် အချိတ်အဆက် မိဖို့ လိုပါတယ် ။ ”

” ကျွန်တော်ကတော့ တဦးချင်းထက် အသင်းလိုက် ကစားဟန် ၊ အသင်းလည်ပတ်ပုံ အပေါ်ပဲ အမြဲ အာရုံစိုက်တတ်ပါတယ် ။ အသင်းသားတိုင်း အတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ နေရာ အတော်များများမှာ တိုးတက်မှုတွေ လိုအပ်နေပါတယ် ။ ရာဟင်း ကစားတဲ့ နေရာ အပါအဝင်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR