ပရီးမီးယားလိဂ်ပြန်လာတဲ့ အူနိုင်း ၊ ဘာပေ ရဲ့ စာချုပ်သစ်တန်ဖိုး ၊ ရီးရဲ စိတ်ဝင်စားတဲ့ စပါးစတား ၊ ဒဏ်ရာအခြေအနေတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

အာဆင်နယ် မှာ နည်းပြ ခဲ့ဖူးတဲ့ အူနိုင်း အမ်မရီ ကတော့ ပရီးမီးယားလိဂ် ကို နောက်တခါ ပြန်ရောက် လာခဲ့ပါပြီ ။ အက်စတွန် ဗီလာ ဟာ ဗီလာရီးရဲ အသင်းကို ကိုင်တွယ် နေတဲ့ အမ်မရီ ကို စာချုပ် ဖျက်သိမ်းကြေး ( ယူရို ၆ သန်း ) ပေးချေကာ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ် ။

လစ်လပ် သွားတဲ့ ဗီလာရီးရဲ နည်းပြ နေရာကိုတော့ ဘာစီလိုနာ နည်းပြဟောင်း ကီကေး ဆတ်တီယန် က တာဝန်ယူ ကိုင်တွယ် သွားမယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

အမ်မရီ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ၂ ပွဲ ဆက်တိုက် ( ပရီးမီးယားလိဂ် + FA Cup ) ကစားမယ့် ရက်သတ္တပတ် မှာ ဗီလာ ကို စတင် ကိုင်တွယ် သွားရမှာပဲ ဖြစ်ပါတယ် ။

အမ်မရီ ဟာ ဗီလာရီးရဲ အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ယူရိုပါလိဂ် ဖိုင်နယ် မှာ အနိုင် ကစားပြီး ဗိုလ်စွဲ ခဲ့ဖူးသူလည်း ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ဒီကနေ့မှာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ တွေ့ဆုံကာ ရှေ့ဆက်မယ့် အနေအထား တွေကို ဆွေးနွေး ပြောဆို မယ်လို့ သိရပါတယ် ။

ရိုနယ်ဒို ဟာ စပါး နဲ့ ပွဲစဉ်က ဖြစ်ရပ်ကြောင့် အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းဖို့ တန်ဟတ် က အပြစ်ပေးထားခဲ့သူ ဖြစ်ပါတယ် ။

လီဗာပူး နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က အက်စတွန် ဗီလာ အသင်းသားတွေဟာ နည်းပြ စတီဗင် ဂျရတ် အပေါ် ဖောက်ပြန် ခဲ့ကြတယ်လို့ ဝေဖန်ခဲ့ ပါတယ် ။

ဂျရတ် ဟာ ဗီလာ က ဖူလ်ဟမ် ကို ၃-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ အထုတ်ခံ ခဲ့ရပြီး အဆိုပါ ပွဲအပြီး ကစားရတဲ့ ပွဲမှာတော့ ဗီလာ ဟာ ပြိုင်ဘက်ကို ၄ ဂိုးသွင်းကာ အနိုင် ကစားသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကင်းထောက်တွေဟာ ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် လေဗာကူဆင် မှာ ကစားနေတဲ့ နယ်သာလန် ကစားသမားလေး ဂျာမိန်း ဖရင်းပေါင် ရဲ့ ခြေစွမ်းတွေကို အကဲခတ် လေ့လာ နေတယ်လို့ သိရပါတယ် ။

ဖရင်းပေါင် ဟာ ဒီရာသီမှာ ဘွန်ဒစ်လီဂါ သွင်းဂိုး ၅ ဂိုးထိ ရရှိ ထားတယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် ဟာလည်း တော့တင်ဟမ် ဟော့စပါး ရဲ့ ကိုရီးယား တောင်ပံ ကစားသမား ဆွန်ဟောင်မင် ကို စိတ်ဝင်စား နေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

PSG ဟာ တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ကို စာချုပ်သစ် မှာ တပတ်ကို ပေါင် ၆ သိန်းခွဲ လုပ်ခ ပေးချေ နေရပြီး သစ္စာရှိကြေး ၊ စာချုပ်သစ် လက်မှတ်ထိုးခ အပါအဝင် ၃ နှစ် သက်တမ်း စာချုပ် အတွက် စုစုပေါင်း ပေါင် သန်း ၅၅၀ နီးပါး ပေးချေ ရမှာ ဖြစ်တယ်ဆိုတဲ့ သတင်းတခု မနေ့ညက ပေါ်ထွက် လာခဲ့ ပါတယ် ။

PSG ဘက်ကတော့ ဒါကို ငြင်းဆန် သွားခဲ့ပြီး ဒီသတင်း စတင် ထုတ်ဖော်သူတွေကို တရားစွဲသွားမယ်လို့ ထုတ်ပြန် ခဲ့ ပါတယ် ။

မန်ယူနိုက်တက် လက်ထောက် နည်းပြအဖြစ် လုပ်ကိုင် ခဲ့ဖူးတဲံ မိုက်ကယ် ကာရစ် ကတော့ မစ်ဒယ်ဘရော့ အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခံခဲ့ရတယ်လို့ သိရပါတယ် ။

ပရီးမီးယားလိဂ် ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အလွန်မှာ ပြန်လည် စတင်မယ့် ပွဲစဉ်တွေ အတွက် ရက် နဲ့ အချိန်ကို မနေ့က သတ်မှတ် ထုတ်ပြန် ပေးလိုက်ပြီး လီဗာပူး ၊ အာဆင်နယ် တို့ဟာ ဘောက်ဆင်ဒေး ( ဒီဇင်ဘာ ၂၆ ) ည ၈ နာရီ ( ဗြိတိန်စံတော်ချိန် ) မှာ ကစားကြရမှာ ဖြစ်ပြီး ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ရဲ့ ပွဲတွေ ကတော့ ဒီဇင်ဘာ ၂၇ မှသာ ကစားရမယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ခံစစ်မှူး ကူလီဘာလေ ဟာ ဒီတပတ် ကစားမယ့် ဆဲလ်ဘာ့ဂ် နဲ့ ပွဲကို ပါဝင် နိုင်ဖို့ အလားအလာ နည်းပါးနေပါတယ် ။

ချဲလ်ဆီး အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွီတာ ကတော့ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ပွဲဆက်တွေ များလွန်းမှု အပေါ် ဝေဖန်ပြောဆို သွားခဲ့ပြီး ဖီဖာ နဲ့ ကလပ် အသင်း အဖွဲ့ချုပ်တွေ အကြား ညှိနှိုင်း ဆောင်ရွက်မှု အားနည်းတာကို ထောက်ပြ ပြောဆိုခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ရုရှ ကွင်းလယ် ကစားသမား အာဆန် ဇက်ဟာရန် ကို ခေါ်ယူရေး အတွက် လက်မလျော့ သေးဘူးလို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ နွေရာသီတုန်းက ဇက်ဟာယန် ကို ဒိုင်နမို မော်စကို ကနေ ပေါင် ၁၂.၆ သန်း နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် ရုရှ ကို ပိတ်ပင်ထားတဲ့ ဗြိတိန် အစိုးရက အလုပ်ပါမစ် ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး ဟာ လာမယ့် ဇန်နဝါရီ မှာ ဟာကင် ဇီယက်ချ် ကို ရှင်းထုတ်သွားဖို့ စိတ်ကူး ရှိနေပြီး အေစီမီလန် ကို မပြောင်းဖြစ် ပါက ယူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ နဲ့ လဲလှယ်ဖို့ စိတ်ကူး ထားတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ဘရိုက်တန် အသင်းကတော့ ကွင်းလယ်လူ အလက်ဆစ် မက် အလီစတာ ကို ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရှိရ ပါတယ် ။

ဖူလ်ဟမ် အသင်းဟာ ဘရာဇီး ကလပ် ဆာအိုပေါ်လို မှာ ကစားနေတဲ့ ၂၀၀၂ ခုနှစ်ဖွား ကစားသမားလေး ပါဘလို မိုအာ ကို ခေါ်ယူဖို့ အတွက် စတင် ဆွေးနွေး ပြောဆို နေပြီလို့ သိရပါတယ် ။

ဘိုင်ယန်မြူးနစ် ဒါရိုက်တာ ဆာလီဟာမစ်ဇစ် ကတော့ သူတို့ အသင်းဟာ အင်အား လုံလုံလောက်လောက် ဖြည့်တင်းပြီး ဖြစ်တဲ့ အတွက် လာမယ့် ဇန်နဝါရီ မှာ လူသစ်တွေ ခေါ်ယူဖို့ အလားအလာ မရှိပါဘူး လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မနေ့ ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ဝက်စ်ဟမ်း ဟာ ဘုန်းမောက် အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁၇ ကနေ အဆင့် ၁၀ အထိ ခုန်တက် လာနိုင်ခဲ့ ပါတယ် ။

အငြင်းပွားဖွယ် လက်ထိဘောတွေ ကနေ ဝက်စ်ဟမ်း တို့ အကျိုးခံစားခဲ့ရပြီး ဇူးမား နဲ့ ဘန်ရာမာ တို့က ဟမ်းမား အတွက် ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

 

SPORTS MYANMAR