ထရိန်နင်မှာ သူ့ကို အထင်ကြီးစေတဲ့ ချဲလ်ဆီး စတား တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ လက်အောက်မှာ တဦးချင်း အရည်အသွေး တိုးတက်လာတဲ့ ချဲလ်ဆီး ကြယ်ပွင့် အချို့ ရှိတဲ့ အနက် ၊ အသက် ၂၆နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်လည်း ထိုအထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ် ။

ပြင်သစ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဒဏ်ရာ ထပ်ရသွားတဲ့ အပြင် ၊ မတ်တီယို ကိုဗာဆစ် ၊ ဂျော်ဂျင်ဟိုတို့ကလည်း ရာနှုန်းပြည့် ကြံ့ခိုင်တဲ့ အနေအထားမှာ ရှိမနေတဲ့ အတွက် လော့ဖ်တပ်စ်ချိခ် ဟာ ယခုနှစ်ရာသီမှာ ခါတိုင်းထက် ပိုပြီး အလေးပေးခံလာရတာ ဖြစ်ပါတယ် ။

ဒါ့အပြင် လော့ဖ်တပ်စ်ချိခ် ဟာ ကွင်းလယ် double pivot ၊ ကွင်းလယ် ခံစစ် ၊ ညာ wing-back ၊ ညာတောင်ပံ အပြင် လိုအပ်ရင် ဗဟို အတွင်း ခံစစ်မှူး နေရာပါ ကစားပေးနိုင်စွမ်း ရှိပါတယ် ။ လတ်တလော ကစားခွင့်တွေ ၊ စွမ်းဆောင်ရည်တွေအရ လော့ဖ်တပ်စ်ချိခ် ဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလား အတွက် ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာတောင် ပါဝင် ရွေးချယ်ခံရနိုင်ခြေ ရှိနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က လော့ဖ်တပ်စ်ချိခ် ဟာ ကစားခွင့် ရတဲ့ အချိန်မှာ သာမက ၊ ထရိန်နင်တွေမှာလည်း ၄င်းကို အထင်ကြီး လေးစားစေအောင် ပြုမူနိုင်စွမ်း ရှိကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပေါ်တာ က ” ရူဘင်ဟာ ကျွန်တော့ကို အရမ်း အထင်ကြီးစေပါတယ် ။ ကွင်းတွင်းကွင်းပြင် ရှုထောင့် ၂ခုလုံးမှာပေါ့ ။ သူဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး ၊ သင်ယူ လေ့လာဖို့ အမြဲ အလိုရှိပါတယ် ။ လတ်တလော ရနေတဲ့ ပွဲကစားခွင့်တွေက သူ့ကို အကျိုး ဖြစ်ထွန်းစေတာ အသေအချာပါပဲ ။ ”

” ဒါပေမယ့် ကစားခွင့် မရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့ လေ့ကျင့်ပုံတွေက အရမ်း ကောင်းပါတယ် ။ ဒါက သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားကို အများကြီး တိုးတက်စေပါတယ် ။ အမှန်အတိုင်း ပြောရရင် သူ့အနေနဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို သယ်ဖို့ ကြံ့ခိုင်မှု အဆင့်ကောင်း တခုမှာ ရှိဖို့ လိုပါတယ် ။ ”

” ဒါပေမယ့် သူ့ရဲ့ ပင်ကို အရည်အသွေးက အမြဲတမ်း ရှိနေပါတယ် ။ သူဟာ အံ့သြဖွယ် ဘောလုံး စွမ်းရည်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ၊ ကြီးကျယ်တဲ့ အားကစားသမားကောင်း တယောက်လည်း ဖြစ်ပါတယ် ။ ”

” အခု လောလောဆယ်မှာ သူဟာ ဂါရတ် ဆောက်ဂိတ် ရွေးချယ်နိုင်မယ့် ပြင်ပက အင်္ဂလန် လက်ရွေးစင် ကစားသမား တယောက် ဖြစ်လာဖို့ တွန်းအားပေးနေပါတယ် ။ ဒါပေမယ့် ရွေးတာ မရွေးတာက ဂါရတ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလားတူ လော့ဖ်တပ်စ်ချိခ်ကလည်း ဂရေဟမ် ပေါ်တာ ရောက်လာခြင်းက သူ့ကို အကျိုးရှိစေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ” သူ ဒီကို စရောက်ရောက်ချင်းတုန်းက ကျွန်တော် ကစားတာကို စောင့်ကြည့်တဲ့ အချိန် ၊ ကျွန်တော်တို့ ၂ယောက် နည်းနည်းပါးပါး စကားပြောဖြစ်ခဲ့ပါတယ် ။ အဲဒီမှာ သူက ကျွန်တော့ကို ဘောလုံးသမား တယောက် အနေနဲ့ ဘယ်လို မြင်သလဲ ဆိုတာ ပြောပြခဲ့ပါတယ် ။ ”

” စရောက်ရောက်ချင်း သူနဲ့ စကားပြောကြည့်လိုက်တော့ ကိုယ် ဘယ်လို အနေအထားမှာ ရှိနေလဲ ဆိုတာ သိရတာပေါ့ ။ ဒါက ခင်ဗျား ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အခြေခံ အုတ်မြစ် တရပ် ပေးပါတယ် ။ ဒါက ကျွန်တော့ကို လန်းဆန်းစေပါတယ် ။ ”

” သူကတော့ ရောက်ခါစက အသင်းသားတိုင်းနဲ့ စကားပြောခဲ့ပါလိမ်မယ် ။ ကစားသမားတိုင်း သူနဲ့ စကားပြောကြည့်ရာကနေ အကျိုး တခုခု ရခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR