ဆောက်သမ်တန် နဲ့ ပွဲမှာ ပင်နယ်တီ မပေးခဲ့တာနဲ့ ပတ်သက်ပြီး ဒိုင်လူကြီး သူ့ကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇု က ဆောက်သမ်တန် နဲ့ ပွဲမှာတုန်းက ပင်နယ်တီ ရချင်ရင် မြေကြီးပေါ် လဲကျ ဖို့ လိုအပ်ကြောင်း ကွင်းလယ်ဒိုင်လူကြီး က သူ့ကို ပြောကြား ခဲ့တယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

တနင်္ဂနွေနေ့မှာတုန်းက နည်းပြ အာတေတာ ရဲ့ အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျ သွားခဲ့ပြီး နိုင်ပွဲဆက် စံချိန် ရပ်တန့် သွားခဲ့ရပါတယ် ။ အာဆင်နယ် အသင်းဟာ ရှာကာ ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် အမ်းစထရောင်း ရဲ့ချေပဂိုး ကို ပြန်လည် ခွင့်ပြု ခဲ့ရတာ ဖြစ်ပါတယ် ။

ဆောက်သမ်တန် နဲ့ အာဆင်နယ် ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး ရောဘတ်ဂျုံးစ် ရဲ့ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ် ။ ပထမပိုင်း အတွင်း ဂျေးဇု ဂိုးဧရိယာ အတွင်း ကြမ်းကြမ်းတမ်းတမ်း ဆွဲလှဲ ခံရပေမယ့် ပင်နယ်တီ ပေးခဲ့ခြင်း မရှိသလို နောက်ကနေ တွန်းခံလိုက်ရတဲ့ ဆာကာ ကိုလည်း ဟန်ဆောင် လှဲချတယ်ဆိုပြီး အဝါကဒ် ပြ ခဲ့ပါတယ် ။

ဂျေးဇု က ပွဲချိန် အတွင်း ဒိုင်လူကြီး ရဲ့ဆုံးဖြတ်ချက် အပေါ် ” ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ပြောရဆိုရတာမျိုးကို ကျွန်တော် လုံးဝ သဘောမကျပါဘူး ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပဲ ပြောချင် ပါတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က ပွဲ အခြေအနေ ကို ပြောင်းလဲ သွားစေနိုင်ပါတယ် ။ ”

” ပထမပိုင်း ဖြစ်ရပ်အပြီးမှာ ကျွန်တော် ချက်ချင်းပဲ ဒိုင်လူကြီးကို စကား သွားပြော ခဲ့ပါတယ် ။ သူက ‘ မင်းသာ ဘောလုံးကို မကန်ခင် မြေကြီးပေါ် လှဲကျသွားရင် ငါ ပင်နယ်တီ ပေးနိုင်ချေ ရှိတယ် ‘ လို့ ပြန်ပြော ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် မျှမျှတတ ပဲ ကစားခဲ့ပါတယ် ၊ ဘောလုံးကို ဆက်ထိန်းနိုင်ဖို့ မတ်တပ် ဆက်ရပ်နိုင်ဖို့ ဂိုးသွင်းနိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ”

” ဒါပေမယ့် သူက ကျွန်တော့်ကို မရမက အတင်းဆွဲထားတော့ လဲကျဖို့ ဖြစ်နိုင်တဲ့ အနေအထား မရှိ ဖြစ်သွားခဲ့ပါတယ် ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ပွဲကို အနိုင်မရတဲ့ အဓိက အကြောင်းအရင်း မဟုတ်ပါဘူး ၊ ကျွန်တော်တို့ ပထမပိုင်းအတွင်း အခွင့်အရေးတွေ အများကြီး ရခဲ့ပြီး ၃ ဂိုးလောက် သွင်းနိုင် ခဲ့သင့်ပါတယ် ။ ”

” ဒုတိယပိုင်းမှာလည်း အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ် ၊ ကျွန်တော် အပါအဝင်ပေါ့ဗျာ ၊အခု အချိန်မှာတော့ ကျွန်တော်တို့ အနားယူဖို့ လိုအပ်ပါတယ် ၊ ပြီးရင်တော့ ကြာသပတေးနေ့မှာ ပွဲကစားဖို့ ရှိနေပါတယ် ၊ ကျွန်တော်တို့ ပိုသန်မာတဲ့ ပုံစံ နဲ့ ပြန်လာမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM