ကာတာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး သူရဲ့ မျှော်မှန်းချက် အကြောင်း ဖွင့်ဟဝန်ခံလာတဲ့ လော့ဖ်တပ်ချိခ်

 

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ဖို့ တလတောင် မလိုတော့တဲ့ အချိန် ၊ လက်ရွေးစင် နည်းပြတွေလည်း မကြာခင် သူတို့ရဲ့ အပြီးသတ် ကစားသမား စာရင်းကို တရားဝင် ထုတ်ပြန်ကြဖို့ ရှိပါတယ် ။ ဥပ ထိပ်တန်းလိဂ် ပြိုင်ပွဲတွေကြောင် ဒဏ်ရာရသူတွေက ကမ္ဘာ့ဖလားကို လွဲချော်ကြမှာ ဖြစ်ပါတယ် ။

တဖက်မှာ ဒီဒဏ်ရာ ရသူတွေကြောင့် အကျိုးရှိသွားနိုင်တဲ့ ပြင်ပက ကစားသမားတွေလည်း အနည်းနဲ့ အများ ရှိနေပါတယ် ။ အင်္ဂလန် လက်ရွေးစင် အသင်းမှာဆိုရင် ခံစစ်မှာ ဒဏ်ရာ ပြဿနာ အချို့ ရှိနေတာကြောင့် လတ်တလော ခြေစွမ်းပြနေတဲ့ ကစားသမားတွေ လက်ရွေးစင်အဆင့်မှာ အရွေးခံရဖို့ များပါတယ် ။

ကွင်းလယ် Box-to-Box နေရာမှာလည်း အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် အတွက် ရွေးချယ်စရာ များများစားစား ရှိမနေပါဘူး ။ ဒဏ်ရာတွေနဲ့ လုံးပန်းပြီး ကြံ့ခိုင်မှု မပြည့်နေတဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ် အစား ဆောက်ဂိတ် ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ လတ်တလော စွမ်းဆောင်ရည်တွေကြောင့် လာမယ့် ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ ပရိသတ် အများအပြားက ထင်ကြေးပေးနေကြပါတယ် ။ လော့ဖ်တပ်စ်ချိခ် ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ပူးပေါင်း ပါဝင်ခဲ့ဖူးပါတယ် ။

လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ လက်အောက်မှာ လော့ဖ်တပ်စ်ချိခ်ဟာ ကွင်းလယ်ရဲ့ နေရာစုံမှာ ကစားပေးနိုင်စွမ်း ရှိနေလို့ အားထားရတဲ့ ကစားသမား တဦး အဖြစ် ရပ်တည်နေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လော့ဖ်တပ်စ်ချိခ် က လာမယ့် ကမ္ဘာ့ဖလား အတွက် သူ့ရဲ့ ရည်မှန်းချက် အကြောင်း အခုလိုပဲ ထုတ်ပြောခဲ့ပါတယ် ။

လော့ဖ်တပ်စ်ချိခ် က ” လာမယ့် ကမ္ဘာ့ဖလားဆီ သွားခွင့်ရရင် အရမ်း အံ့သြဖွယ်ကောင်းမှာပါ ။ ဒါက ကျွန်တော့ အတွက် အဓိပ္ပာယ်များစွာ ရှိစေပါမယ် ။ ၂၀၁၈ ကမ္ဘာ့ဖလား ဆင်နွှဲခဲ့ဖူးတဲ့ ကစားသမား တယောက် အနေနဲ့ အရာရာ ကိုယ့်အတွက် အဆင်ပြေနေမယ်ဆိုရင်တော့ ကာတာ ကမ္ဘာ့ဖလားကိုလည်း ဆင်နွှဲခွင့် ရချင်ပါတယ် ။ ”

” ဒီကြားထဲ အရာများစွာ ဖြစ်ပျက်ခဲ့ပြီး ၊ အခုလို ကြံ့ခိုင်မှု ပုံစံကောင်း ရနေခြင်း ၊ ပုံမှန် ကစားနေရခြင်း အတွက် ကျွန်တော် ဝမ်းသာသလို ၊ ကျေးဇူးလည်း တင်ပါတယ် ။ ကမ္ဘာ့ဖလား သွားခွင့် ရခဲ့ရင်တော့ ဒါက ကျွန်တော့ အတွက် ကမ္ဘာကြီးတမျှ အဓိပ္ပာယ် ရှိစေမှာပါ ။ ”

” ဒါပေမယ့် ဒီအကြောင်းက အခု လောလောဆယ် ကျွန်တော့ အတွေးထဲ ရှိနေတဲ့ အရာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကစားရမယ့် ပွဲကြီးတွေ ရှေ့မှာ စောင့်ကြိုနေပါသေးတယ် ။ ဒီအတွက် အာရုံ အပြည့်စိုက်ဖို့ လိုအပ်ပါတယ် ။ ကိုယ်ပိုင် ရည်မှန်းချက် တခုတည်း အတွက် ကြိုးစားမယ် ဆိုရင် ဒါက တကိုယ်ကောင်းဆန်ရာ ကျပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လော့ဖ်တပ်စ်ချိခ် က ချဲလ်ဆီးမှာ အဓိက ကွင်းလယ်လူ တယောက် အဖြစ် ရပ်တည်လာနိုင်ခြင်းနဲ့ ပတ်သက်ပြီး ” လက်ရှိ ကျွန်တော် ရောက်ရှိနေတဲ့ ကစားသမား ဘဝ ၊ အသက်အရွယ် အနေအထားနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ၊ ချဲလ်ဆီး အပေါ် ကျွန်တော့ရဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ခံစားမိပါတယ် ။ အသင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပေးနေရတယ်လို့ ခံစားရပါတယ် ။ ”

” ဒါက ကောင်းပါတယ် ။ ဘာလို့လဲဆိုတော့ ဒီအနေအထားဟာ ကျွန်တော် ချဲလ်ဆီးမှာ ရှိနေစဉ် ကာလတိုင်း ဖြစ်ခဲ့တာ မဟုတ်လို့ပါ ။ ဒီလို ခံစားချက်မျိုး ရဖို့ ဆိုတာ ကျွန်တော့ အသက် ၁၇ ၊ ၁၈ အရွယ်ကတည်းက အိပ်မက်မက်ခဲ့တာပါ ။ လက်ရှိ အနေအထားကို ပိုင်ဆိုင်ရတာ ကောင်းပေမယ့် ၊ ဒါကို ကျွန်တော် ရှေ့ဆက် ရချင်သလို ၊ ဒီကနေတဆင့် ကိုယ့်ကိုယ်ကို ဆက်လက် တည်ဆောက်သွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR