အာဆင်နယ် အသင်း ဒီရာသီ Top 2 ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကို ရှင်းပြလိုက်တဲ့ အဘွန်လဟော်

အက်စတန်ဗီလာ အသင်း နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အဘွန်လဟော် က ဆောက်သမ်တန် နဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် နည်းပြ အာတေတာ အနေနဲ့ ပွဲထွက် လူစာရင်းကို အပြောင်းအလဲ ပြုလုပ် သင့်ပြီလို့ ဆိုလိုက်ပါတယ် ။

ဒါ့အပြင် အဘွန်လဟော် က အာဆင်နယ် အသင်း ဒီတစ်ပတ်မှာ သရေရလဒ် ပဲ ရခဲ့ပေမယ့် ရာသီကုန်ရင် ထိပ်ဆုံး နှစ်သင်းထဲမှာ ရပ်တည် နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အဘွန်လဟော် က Football Insider မှာ ” အခု အချိန်က rotate လုပ်ဖို့ အချိန်ကျလာပြီလို့ ဆိုရမှာပါပဲ ။ မာတင်နယ်လီ က အနားကော ရရဲ့လား ၊ သူ့ အစား မာကွင်ဟိုစ့် နဲ့ ဗီအဲရာ တို့ကို အသုံးပြု ရဲ့လား ? ၊ ပွဲတွေ ဆက်လာတဲ့ အခါမှာ ကစားသမားတွေကို အနား ပေးဖို့ လိုအပ်ပါတယ် ။ ”

” ပွဲဆက် ကစားရတာ များလာတဲ့ အခါမှာ ကစားသမားတွေက လုပ်နိုင် ကိုင်နိုင်စွမ်း ကျဆင်းလာပါတယ် ၊ အရင်ကလောက် ခြေစွမ်းပိုင်း ထက်မြက်မှု မရှိတော့ပါဘူး ။ အားလုံးက အာဆင်နယ် အသင်း အဆင့် ကျလာလိမ့်မယ်လို့ တောက်လျှောက် ပြောနေကြပါတယ် ။ ”

” ကျွန်တော် ကတော့ သူတို့ အဆင့်ကျမယ်လို့ မထင်ပါဘူး ၊ Top 2 ထဲမှာပဲ ရှိနေပါလိမ့်မယ် ၊ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လို့တော့ လုံးဝ မထင်ပါဘူး ၊ မန်စီးတီး အသင်းက နှစ်ကျော့စလုံး သူတို့ကို အနိုင် ကစားသွားမှာပါ ။ ”

” မန်စီးတီး အသင်းကလွဲလို့ ကျန်တဲ့ အသင်းတွေ အားလုံးကို အာဆင်နယ် အသင်း အနိုင်ယူနိုင်စွမ်း ရှိပါတယ် ။ အမ်းမရိတ်မှာ ကစားတဲ့ ပွဲကျရင် သူတို့ မန်ယူနိုက်တက် ကို ပြန် အနိုင်ယူမှာပါ ၊ အမ်းမရိတ်မှာဆို ဘယ်အသင်းကို မဆို သူတို့ အနိုင်ယူဖို့ မကြောက်ရွှံပါဘူး ၊ လီဗာပူး ကိုလည်း အနိုင်ယူပြ ခဲ့ပြီးပါပြီ ။ ”

” အာဆင်နယ် က ထိပ်ဆုံးနားမှာပဲ ဆက်ရှိနေမှာပါ ၊ ဘယ်နေရာကိုမှ ရောက်သွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီကြားရက်မှာ ပီအက်စ်ဗွီ အသင်း နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိပြီး ၊ ပိတ်ရက်မှာတော့ တန်းတက် နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားရမှာပါ ။

SM