“အရင်တုန်းက ဂရစ်ဇ်မန်း ကို ပြန်မြင်ရတော့မယ်” – လို့ တိုက်စစ်မှူးကြီး ကို ချီးကျုးလိုက်တဲ့ ဆီးမြွန်းနီ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီးမြွန်းနီ ဟာ မနေ့ညက ပွဲမှာ အသင်း အတွက် ခြေစွမ်းပြပြီး ၂ ဂိုးစလုံးကို သွင်းယူ ပေးသွားခဲ့တဲ့ တိုက်စစ်မှူး အန်တွိုင် ဂရစ်ဇ်မန်း ကို ချီးကျုး ပြောဆိုမှု ပြုလုပ် သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ မနေ့ ညက ဘက်တစ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရခဲ့ ပါတယ် ။ ဒီ ၂ ဂိုးစလုံးကို ဂရစ်ဇ်မန်း က သွင်းယူပေးခဲ့ တာပါ ။

ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ ကနေ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ် ထံ ၂ နှစ် အငှား စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး မကြာသေးခင် ကမှ ကလပ် ၂ သင်း အကြား အပြီးသတ် ဝယ်ယူခွင့် ဈေးနှုန်း ကို ပြန်လည် ညှိနှိုင်း ကာ မက်ဒရစ် ကလပ်ဘက်က အပြီးသတ် ဝယ်ယူထားခဲ့သူ ဖြစ်ပါတယ် ။

ဒီရာသီမှာ ဂရစ်ဇ်မန်း ဟာ အက်သလက်တီကို မက်ဒရစ် အတွက် ပုံစံကောင်းတွေ ပြသနေပြီး ဘာဆာ ထံ ကနေ အပြီးသတ် မဝယ်ယူရ သေးခင် ၊ လူစားဝင် ကစားသမား အဖြစ်နဲ့သာ ကစားရစဉ် ကတည်းက ( ၄၅ မိနစ် ထက် ပိုကစားခဲ့ပါက ဘာဆာ ကို ယူရို သန်း ၄၀ ပေးပြီး အပြီးသတ် ဝယ်ယူရမှာ ဖြစ်တာကြောင့် ) ဂရစ်ဇ်မန်း ဟာ မက်ဒရစ် ကလပ် အတွက် ဂိုးတွေသွင်းပြီး အကူအညီ ပေးနေခဲ့ပါတယ် ။

မကြာခင် က ယူရို ၂၅ သန်း ( သန်း ၂၀ + အပိုဆုကြေး ၅ သန်း ) နဲ့ အပြီးသတ် ဝယ်ယူဖို့ ညှိနှိုင်းအောင်မြင် အပြီးမှာတော့ ဒီယေဂို ဆီးမြွန်းနီ ဟာ ဂရစ်ဇ်မန်း ကို ရဲရဲတင်းတင်း အသုံးပြုခွင့် ရရှိသွားခဲ့ ပါတယ် ။

ဂရစ်ဇ်မန်း ကလည်း ဒီလို ယုံကြည်မှုနဲ့ ထိုက်တန်တယ် ဆိုတာကိ ပြန်လည် ပြသသွားခဲ့ ပါတယ် ။ မနေ့ညက ပွဲမှာ ပြင်သစ် တိုက်စစ်မှူးဟာ ထောင့်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းပြီး ဂိုးရယူနိုင်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသခဲ့တာပါ ။

“ဂရစ်ဇ်မန်း အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ သူက အက်သလက်တီကို မှာပဲ ဆက်ရှိ နေချင် ခဲ့တာပါ ။ အခု ကျွန်တော်တို့ အရင် ဂရစ်ဇ်မန်း ကို ပြန်မြင် ရတော့မှာပါ ၊ ကျွန်တော်တို့ကို ထားခဲ့တုန်းက ဒါမှ မဟုတ် ကျွန်တော်တို့ ဆီက ထွက်မသွားခင် ၆ လ လောက်တုန်းက ဂရစ်ဇ်မန်း ကိုပေါ့ ။ ဒိပြန် ရောက်လာတဲ့ နောက်ဆုံး ၆ လ လောက်ကတော့ ပြန်တွေးကြည့်လို့ မကောင်းခဲ့ပါဘူး” လို့ ဆီးမြွန်းနီ က ပြောဆိုရင်း ဂရစ်ဇ်မန်း ကို ချီးကျုး သွားခဲ့ ပါတယ် ။

ဂရစ်ဇ်မန်း ဟာ အက်သလက်တီကို အတွက် နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၂ ဂိုး အထိ ဖန်တီးမှု ပြုလုပ် ထားနိုင်ခဲ့ ပါတယ် ။

“သူက ခေါင်းဆောင် တယောက်ပါ ၊ ကျွန်တော်တို့လည်း သူ့လို ခေါင်းဆောင်မျိုး လိုအပ်ပါတယ် ။ အခု ဂရစ်ဇ်မန်း ဒီမှာ သူနဲ့ ထိုက်တန်တဲ့ နေရာကို ရှာဖွေနေပါပြီ ။ အသင်းဖော်တွေ ကလည်း သူ့ကို နားလည် ကြမှာပါ” လို့ နည်းပြကြီးက ထပ်မံ ပြောဆိုခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် လေဗာကူဆင် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

အေတီကို ဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စုမှာ တတိယ နေရာသာ ရရှိ နေတာကြောင့် နောက်တဆင့် တက်နိုင်ဖို့ အတွက် လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းတွေ ထွက်ပေါ် လာဖို့ လိုအပ်နေမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR