လီဝန်ဒေါ့စကီး ကို အာချောင်သူလို့ ခေါင်းစဉ်တပ်ပြီး လာမယ့်ပွဲအတွက် သတိပေးလိုက်တဲ့ ဘိုင်ယန်အသင်းသား ၂ ယောက်

 

ဘိုင်ယန်မြုးနစ် အသင်းရဲ့ ကွင်းလယ် ကစားသမား လီယွန် ဂေါ်ရက်ဇ်ကာ က ရောဘတ် လီဝန်ဒေါ့စကီး ဟာ မလိုအပ်ဘဲ စကားများများ ပြောသူ ၊ အာချောင်သူ တယောက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ် ။

လီဝန်ဒေါ့စကီး ဟာ ဘိုင်ယန်မြူးနစ် ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် နှစ်ပေါင်း များစွာ ကစားခဲ့ပြီး ချန်ပီယံလိဂ် အပါအဝင် အောင်မြင်မှု များစွာ ရရှိခဲ့ဖူး ပါတယ် ။

အခု နွေရာသီ အပြောင်းအရွှေ့ မှာတော့ လီဝန်ဒေါ့စကီး ဟာ ဘိုင်ယန်မြုးနစ် ကနေ ထွက်ခွာဖို့ စိတ်အား ထက်သန် ခဲ့ပြီး စာချုပ် ၁ နှစ် ကျန်နေသေးတဲ့ သူ့ကို သွားခွင့်ပြုဖို့ မီဒီယာတွေ ကနေ ထုတ်ဖော် ပြောဆိုခဲ့ဖူး ပါတယ် ။

ဘိုင်ယန် ဟာ လီဝန်ဒေါ့စကီး ကို ဆက်ထိန်းထား ချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘာစီလိုနာ အသင်းဆီကို ယူရို ၄၅ သန်း နဲ့ ရောင်းချဖြစ်သွား ခဲ့ပါတယ် ။

 

ချန်ပီယံလိဂ် အုပ်စုအဆင့် အတွက် မဲခွဲရာမှာတော့ ဘိုင်ယန် နဲ့ ဘာစီလိုနာ တို့ တိုက်ဆိုင်စွာ တအုပ်စုတည်း အတူ ကျရောက်ခဲ့ ပါတယ် ။ ဘာဆာ ဟာ ပြည်တွင်းမှာ ရီးရဲ မက်ဒရစ် ကို အကောင်းဆုံး ဖိအားပေး ကစားထားပြီး ရီးရဲ နဲ့ ပွဲကိုသာ ရှုံးနိမ့်ထား ပါတယ် ။

ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ အခြေမလှ ဖြစ်နေပြီး ပွဲစဉ် ၄ ပွဲပြီးချိန်မှာ နောက်တဆင့် တက်နိုင်ဖို့ အလားအလာ နည်းပါးနေခဲ့ ပါတယ် ။

ဒီတပတ် မှာတော့ ဘိုင်ယန်မြုးနစ် ဟာ ဘာစီလိုနာ ကို စပိန်မြေပေါ်မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဘာစီလိုနာ အတွက်တော့ တကယ်ကို အရေးပါတဲ့ ပွဲ ဖြစ်လာခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ချူပိုမိုတင်း ကတော့ ဒီပွဲဟာ ဘာစီလိုနာ အတွက် ချန်ပီယံလိဂ် မှာ ဆက်ကျန်ဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

 

“ဒါ သူတို့ရဲ့ နောက်ဆုံး အခွင့်အရေးပါ ။ ဒီပွဲကို ကစားဖို့ နဲ့ လီဝန် ကို ပြန် ရင်ဆိုင်ရဖို့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ ။ သူက ကမ္ဘာ့အဆင့် ကစားသမားပါ ။ ဘာစီလိုနာ နဲ့ ရင်ဆိုင် ရတာက အမြဲ ပျော်စရာကောင်းပြီး ထူးကဲတဲ့ ခံစားချက် ပါပဲ” လို့ ချူပိုမိုတင်း က ပြောဆိုခဲ့ ပါတယ် ။

ဘိုင်ယန် မှာ လီဝန်ဒေါ့စကီး နဲ့ အတူ ကစားခဲ့ဖူးတဲ့ လီယွန် ဂေါ်ရက်ဇ်ကာ ကတော့ တိုက်စစ်မှူးကြီးဟာ အာချောင်တတ်သူ တယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဘာစီလိုနာ ကို အနိုင် ကစားဖို့လည်း အာရုံစိုက် သွားမယ်လို့ ပြောဆိုခဲ့ ပါတယ် ။

 

“လီဝန် က ဘိုင်ယန်မှာ တုန်းက အတော် အာချောင်တဲ့ သူပါ ။ အမြဲ ၁၆ သင်းအဆင့် တက်မယ် ၊ ဒါမှမဟုတ် ပိုမြင့်တဲ့ဆီ သွားမယ်ဆိုပြီး ခဏခဏ ပြောတတ်ပါတယ် ။ အခု ဒီစကားမျိုးကို ကျွန်တော်တို့ ထပ်မကြားရ တော့ပါဘူး”

“နူးကမ့် မှာ ဘာစီလိုနာ နဲ့ ရင်ဆိုင် ရတာက ဖလားဗိုလ်လုပွဲပဲ ဖြစ်ဖြစ် ခြေစမ်းပွဲပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး ၊ ပွဲတိုင်းကို အနိုင် ကစားဖို့ ကျွန်တောိတု့ိ ရည်မှန်း သွားမှာပါ ။ အခုပွဲ အတွက် တကယ့်ကို စိတ်အေး လက်အေး ရှိနေပါတယ်” လို့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာ က ပြောဆို သွားခဲ့ ပါတယ် ။

 

ပွဲစဉ် ၄ မှာ အင်တာမီလန် အသင်းကို အရေးနိမ့်ခဲ့ရမှုဟာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် နောက်တဆင့် တက်ရေး အတွက် များစွာ ထိခိုက်စေခဲ့ ပါတယ် ။

အခုပွဲစဉ်မှာ ဘာစီလိုနာ အနေနဲ့ ဘိုင်ယန်မြုးနစ် ကို အနိုင် ကစားနိုင်လျင်တောင်မှ အင်တာမီလန် နိုင်ပွဲ ရရှိ သွားခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် စည်းမျဉ်း ( Head-to-head ) အရ ဘာစီလိုနာ တို့ ယူရိုပါလိဂ် ကို သက်ဆင်း ရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR