လီဗာပူးရဲ့ ပွဲထွက်ကစားသမား စာရင်းမှာ မရှိမဖြစ် အရေးပါလှတဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ဒန်နီမာဖီ

 

မနေ့က နော့တင်ဟမ်ဖောရက်စ်ကို အံံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒန်နီမာဖီက လီဗာပူး အတွက် မရှိမဖြစ် အရေးပါလှတဲ့ ကစားသမား ၂ ဦး ရှိနေတယ်လို့ ဆိုသွားပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ မနေ့က စီးတီးဂရောင်းမှာ ဖောရက်စ်ကို ကစားသမားဟောင်း အဝိုနီယီရဲ့ သွင်းဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ဂိုးသမား ဒင်းဟန်ဒါဆန် ကလည်း အထူး လက်စွမ်းပြခဲ့ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မှာ ခြေစွမ်းက အတော့်ကို ဆိုးရွားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ပြိုင်ဘက်ကို ထိုးဖောက်နိုင်မယ့် အိုင်ဒီယာတွေ ပျောက်ဆုံးနေခဲ့ကာ ရခဲ့တဲ့ အခွင့်အရေးကောင်း အများစု ကလည်း set-piece ကနေသာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ကလော့က ဖောရက်စ်ရဲ့ ကျစ်လစ်မာကျောတဲ့ ခံစစ်ကို မထိုးဖောက်နိုင်တဲ့ သူ့တိုက်စစ် နဲ့ set-piece ကနေ ရခဲ့တဲ့ အခွင့်အရေးကောင်း များစွာကို ဖြုန်းတီးခဲ့တဲ့ ဗန်ဒိုက် နဲ့ ဖာမီနို တို့ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ညီးတွားသွားခဲ့ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မတိုင်မီ တီယာဂို နဲ့ နူးနက် တို့ရဲ့ ဒဏ်ရာပြသနာတွေကြောင့် လူအပြောင်းအလဲတွေ လုပ်ခဲ့ရကာ လူး၀စ်ဒီယက် နဲ့ ဒီယိုဂိုဂျိုတာ တို့ကလည်း ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဒဏ်ရာပြသနာတွေ ရရှိခဲ့ကြကာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ ကလော့ဟာ ညာနောက်ခံလူ နေရာမှာ ကြံ့ခိုင်မှု ၁၀၀% မရသေးတဲ့ အလက်ဇန်းဒါးအာနိုးရဲ့ နေရာမှာ မီနာကို ထည့်သွင်းကစားခဲ့ပြီး အင်္ဂလန် ညာနောက်ခံလူဟာ ပွဲပြီးခါနီးမှ လူစား၀င် ကစားသွားခဲ့ပါတယ်။

မာဖီက တီယာဂို နဲ့ အလက်ဇန်းဒါးအာနိုးတို့ မပါနိုင်ခြင်းဟာ ဖောရက်စ်နဲ့ ပွဲမှာ လီဗာပူးကို များစွာ ထိခိုက်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

မာဖီက “ဒီအသင်းရဲ့ ပွဲထွက် ကစားသမား စာရင်း ကနေ တီယာဂို နဲ့ ထရန့် တို့ကို ထုတ်လိုက်မယ် ဆိုရင် ကျန်ကစားသမားတွေ ထဲမှာ ပြိုင်ဘက်ရဲ့ ကျစ်လစ်တဲ့ ခံစစ်ကို ယိုင်နဲ့စေမယ့် ဘောလုံးပေးပို့မှုတွေ တီထွင်ဖန်တီးမှုတွေ လုပ်ပေးနိုင်မယ့် သူက မရှိပါဘူး။ ထရန့်ဟာ ကြားရက်က ၀က်ဟမ်းနဲ့ ပွဲမှာ ကစားခဲ့တာကြောင့် ကလော့ အနေနဲ့ သူ့ကို စွန့်စားပြီး မသုံးချင်ခဲ့ပါဘူး။ ဒါပေမယ့် ကွင်းလယ် အင်အားနဲ့ ပက်သက်ပြီး ငြင်းခုန်စရာက အသင့် ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ကလော့ဟာ ကွင်းလယ်ပိုင်းက ကောင်းစွာ အားဖြည့်ထားခဲ့သင့်ပါတယ်။ တီယာဂို ဒဏ်ရာ ရသွားတဲ့ အချိန်မှာ ကလော့ အနေနဲ့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ အယ်လီယော့ နဲ့ ကာတစ်ဂျုံး တို့လို ကလေးတွေကိုပဲ ကစားစေခဲ့ရပါတယ်။ ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှု အခြေအနေက သိကြတဲ့ အတိုင်းပါပဲ။ သူဟာ ပွဲတွေ ဆက်တိုက် မကစားနိုင်တော့ပါဘူး။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာ ဒဏ်ရာ ပြသနာတွေ ရှိနေတာ ကလည်း လီဗာပူး အတွက် ကံဆိုးမှု တစ်ခု ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့နေရတဲ့ အသင်း ဖြစ်ပြီး ကလော့ဟာ ပြီးခဲ့တဲ့ နွေရာသီက ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့ကာ အပြောင်းအရွေ့ စျေးကွက် နောက်ဆုံးရက်မှသာ ယူဗင်တပ်ရဲ့ အာသာကို အငှား ခေါ်ယူခဲ့ပြီး ဘရာဇီး ကွင်းလယ်လူ ကလည်း ဒဏ်ရာပြသနာကြောင့် အနည်းဆုံး ၃ လ နားရမှာ ဖြစ်ပါတယ်။ လီဗာပူး အနေနဲ့ ဒီရာသီမှာ top 4 ၀င်နိုင်ဖို့ အတွက် ဆိုရင် လာမည့် ဇန်နဝါရီလမှာ အသင်းကို အင်အားဖြည့်တင်းမှု တစ်ချို့ လုပ်သွားရန် လိုအပ်နေပါတယ်။

SPORTS MYANMAR