ရော်နယ်ဒိုနဲ့ ချဲလ်ဆီး အကြား နောက်တကြိမ် ကောလဟလတွေ ထပ်ထွက်လာခြင်း အပေါ် သုံးသပ်လိုက်တဲ့ ကတ်စ်ကာရီနို

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တမ်ဟဂ် ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျက ပရီးမီးယားလိဂ်ပွဲ မတိုင်မီ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုကို လူစာရင်းကနေ တရားဝင် ချန်လှပ်ခဲ့ပါတယ် ။

ထိုပွဲမတိုင်ခင် ကြားရက်မှာ ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲမှာ ရော်နယ်ဒို ဟာ ပွဲပြီးခါနီး လူစားဝင် ကစားခွင့် ရတော့မယ်လို့ ထင်ထားခဲ့ပေမယ့် ၊ တမ်ဟဂ် က ၄င်းကို အသုံးမပြုခဲ့တာကြောင့် ပွဲချိန် မစေ့မီ အဝတ်လဲခန်းထဲသို့ တန်းဝင်သွားခဲ့ပါတယ် ။

ဒီအတွက်ကြောင့် တမ်ဟဂ် ဟာ ရော်နယ်ဒိုကို စည်းကမ်းဖောက်ဖျက်မှုနဲ့ ပွဲပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီအခြေအနေကြောင့် ရော်နယ်ဒိုဟာ မန်ယူနိုက်တက် အတွက် ရာသီကုန်တဲ့ အထိ ကစားပေးဖို့ အလားအလာ ပိုနည်းစေခဲ့ပြီး ၊ လာမယ့် ဇန်နဝါရီ ၄င်း အသင်းပြောင်းမယ့် သတင်းတွေ ပြန်ထွက်လာပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ တလျှောက် ရော်နယ်ဒို ဟာ ဥရောပ တလွှားမှ အသင်းကြီးတွေနဲ့ သတင်း ထွက်ခဲ့ရာ ၊ ချဲလ်ဆီးဟာ ထိုအထဲက တသင်း အပါအဝင် ဖြစ်ပါတယ် ။ လက်ရှိ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ ချဲလ်ဆီးကို စဝယ်ပြီးပြီးချင်း ၊ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့်ခ်ျမန်ဒက်စ်နဲ့ အတူ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးခဲ့ဖူးပါတယ် ။

သို့ပေမယ့် ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် ဟာ ကစားကွက်နဲ့ လိုက်ဖက်မယ်လို့ မယူဆတဲ့ အတွက် ရော်နယ်ဒိုကို ခေါ်မယ့် အခွင့်အရေးတိုင်းကို ငြင်းဆန်ပယ်ချခဲ့ပါတယ် ။ အခုအခါမှာတော့ တော့ဒ်ဘိုလီဟာ သူ့စိတ်ကြိုက် နည်းပြ ဂရေဟမ် ပေါ်တာကို ရေရှည် စီမံကိန်း တရပ်နဲ့ ခန့်အပ်ထားပြီးဖြစ်တာကြောင့် ရော်နယ်ဒိုကို နောက်တကြိမ် ခေါ်ယူဖို့ ကြိုးစားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနိုက ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် အနီးကပ် ပြိုင်ဆိုင်နေရတဲ့ ပြိုင်ဖက် တသင်းထံ မန်ယူနိုက်တက်တို့ ရော်နယ်ဒိုကို လက်လွှတ်လိမ့်မယ်လို့ မထင်ကြောင်း Talksport နဲ့ တွေ့ဆုံခဲ့ရမှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ကတ်စ်ကာရီနို က ” လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးတို့ ရော်နယ်ဒိုကို ခေါ်မယ်လို့ ယူဆလား ? ကျွန်တော်တော့ မထင်မိပါဘူး ။ ဒါက စိတ်ဝင်စားစရာတော့ ကောင်းပါတယ် ။ ဘာလို့လဲ ဆိုတော့ ယူနိုက်တက်ဖက်က ရော်နယ်ဒိုကို လက်လွှတ်ဖို့ ပြင်ဆင်ထားမယ်လို့ မထင်မိလို့ပါ ။ ”

” ဒါက သူတို့ကို Top 4 တနေရာ ဆုံးရှုံးသွားစေနိုင်ပါတယ် ။ အကယ်၍ သူတို့ဟာ ရော်နယ်ဒိုကို ချဲလ်ဆီးဆီ ရောင်းချလိုက်ရင် ၊ ချဲလ်ဆီးဟာ ရော်နယ်ဒိုရဲ့ အကူအညီနဲ့ Top 4 ရနိုင်ပါတယ် ။ ဒီရှုထောင့်က ကြည့်ရင်တော့ အတော်လေး နားလည်ရ ခက်ပါတယ် ။ ”

” နောက်ပြီး ချဲလ်ဆီးကလည်း အထောင်တိုက်စစ်မှာ အပြေးအားကောင်းမယ့် ၊ ဂိုးသွင်းဖို့ နေရာယူနိုင်မယ့် တိုက်စစ်မှူးမျိုး လိုအပ်နေပါတယ် ။ ဒီအပြောင်းအရွှေ့သာ ဖြစ်လာခဲ့မယ်ဆိုရင် ၊ ရော်နယ်ဒိုသာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ရောက်သွားခဲ့ရင် ၊ ကျွန်တော်ဖြင့် အံ့သြမိမှာပါ ။ ”

” မန်ယူနိုက်တက်ဖက်က ဒီအခြေအနေမျိုး ဖြစ်လာစေချင်မှာ မဟုတ်ပါဘူး ။ ဒါက ခင်ဗျားရဲ့ မျက်နှာကို ဓားနဲ့ မွှန်းသလို ဖြစ်စေမှာပါ ။ အကယ်၍ သူ ချဲလ်ဆီးကို ပြောင်းပြီး ၊ ချဲလ်ဆီးက ခင်ဗျားတို့ အသင်းအထက်မှာ ရပ်တည်ခဲ့မယ်ဆိုရင် အခြေအနေက ယူနိုက်တက် အတွက် ဆိုးရွားပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR