ယူနိုက်တက် တို့ ချဲလ်ဆီး နဲ့ သရေကျခဲ့တဲ့ ပွဲစဥ်မှ အဲရစ် တန်ဟတ်ရဲ့ ဆုံးဖြတ်ချက် 2 ခုအပေါ် ဝေဖန်လိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် စခိုးလ် က ချဲလ်ဆီး အသင်းနဲ့ ပွဲစဥ်မှ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ရဲ့ လူစားလဲမှုတွေအပေါ် ဝေဖန်စကားဆိုခဲ့လိုက်ပြီး ဒါဟာ မိမိ ကစားကွက်ကို ဖျက်ဆီးခြင်းပဲလို့ ခေါင်းစဥ်တပ််ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေနေ့တုန်းက စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲမှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ရပြီး ကွင်းလယ်လူ ကာဆီမီရို ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးကြောင့် အဝေးကွင်းမှာ သရေ တစ်မှတ် ရယူနိုင်ခဲ့ပါတယ် ။

 

ဒါပေမဲ့ အဲ့ဒီမတိုင်ခင် သာမန် ပွဲကစားချိန် မိနစ် 90 ပြီိးဆုံးဖို့ 3 မိနစ် အလိုမှာပဲ ယူနိုက်တက် တို့ဟာ ဂျော်ဂျင်ဟို ရဲ့ ပင်နယ်တီ ကန်ချက်ကြောင့် အိမ်ရှင်ကို ဦးဆောင်ခွင့် ပေးခဲ့ရပါတယ် ။ အခုလို ပင်နယ်တီ ပေးခဲ့ရတဲ့ အကြောင််းအရင်းကတော့ ပင်နယ်တီ ဧရိယာထဲ ဘရိုဂျာ ကို မက် တော်မီနေး ဆွဲလှဲခဲ့လို့ပါပဲ ။

ဒီပွဲက ယူနိုက်တက် အတွက် အနည်းဆုံး သရေတစ်မှတ်နဲ့ ထိုက်တန်တဲ့ ပွဲစဥ်မျိုး ဖြစ်ခဲ့တာ အမှန်ပါပဲ ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က ဆန်ချို ကို ထုတ်ပြီး ဖရက်ဒ်ကို ထည့်ခဲ့ခြင်း ၊ အဲရစ်ဆင် ကို ထုတ်ပြီး မက် တော်မီနေးကို ထည့်ခဲ့ခြင်းအပေါ် ဝေဖန်သွားခဲ့လိုက်ပါတယ်် ။

” ယူနိုက်တက် ပရိသတ် တစ်ဦး အနေနဲ့ ဒီပွဲကို ကြည့်ပြီး ကျွန်တော် ပျော်ရွှင်ခဲ့ရသလို သူတို့ဟာ ဒီထက်ပိုပြီး ထိုက်တန််တယ်လို့လည်း ခံစားခဲ့ရ ပါတယ် ။ ဒီပွဲမှာ သူတို့တွေ အခက်ကြုံခဲ့ပုံကို မပေါ်ခဲ့ပါဘူး ။ တန်ဟတ်ဟာ မှန်တာတွေချည်း လုပ်ဆောင်ခဲ့ပါတယ် ။ လူစားလဲမှုတွေက လွဲရင်ပေါ့ဗျာ ”

” ကျွန်တော်ကတော့ လူစားဝင် ကစားသမားတွေနဲ့ ပတ်သက််လို့ ဘဝင်မကျခဲ့ပါဘူး ။ ဖရက်ဒ် ဟာ ပွဲစဥ်ထဲကို ဝင််ရောက်လာခဲ့ပြီး သက်ရောက်မှု မပေးနိုင်ခဲ့ပါဘူး ။ သူ့ရဲ့ ကစားပုံက ဘရူနို ဖာနန်ဒက်စ် ကိုပါ ပျက်စီးစေခဲ့တယ်လို့ ထင်မိပါတယ် ”

” မက် တော်မီနေး လည်း လူစားဝင်လာခဲ့ပြီး 4 မိနစ်ကြာ ကစားတဲ့နောက်မှာပဲ ပင်နယ်တီပေးဆောင်သွားခဲ့လိုက််ပါတယ် ။ ခင်ဗျားတို့ အနေနဲ့ ဒီလို အဖြစ်အပျက်တွေအပေါ် လေ့လာမှု ပြုလုပ်သင့်ပါတယ်။ VAR ခေတ်မှာ ဧရိယာထဲ ဘယ်သူ့ကိုမှ ဒီလို သွားထိလို့ မရနိုင်ပါဘူး ”

” အရင်တုန်းက ကျွန်တော်တို့လည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ် ။ အီတလီမှာဆိုရင် အရမ်းဆွဲကြတာကြောင့် လှုပ်လို့တောင် မရနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ VAR ပါလာတဲ့နောက်မှာတော့ ခင်ဗျားတို့ အနေနဲ့ ဒါမျိုးတွေကို ဆက်ပြီး လုပ်လို့ မရနိုင်တော့ပါဘူး ”

” ဒါက တန်ဟတ် အတွက်တော့ နိုင်ပွဲပဲလို့ ထင်မိပါတယ် ။ ဟုတ်ပါတယ်၊ ရလဒ်ပိုင်း အရတော့ မနိုင်ခဲ့ဘူးပေါ့ဗျာ ၊ ဒါပေမဲ့ နည်းစနစ်ပိုင်းအရတော့ သူတို့သာလွန်ခဲ့ကြတယ် ” လို့ ပေါလ် စခိုးလ် က တန်ဟတ် ရဲ့ မှားယွင်းမှု နဲ့ ကောင််းကွက်တွေကို ထုတ်ပြောသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar