အာဆင်နယ် အသင်းရဲ့ ပွဲထွက် လူစာရင်းကနေ လုံးဝ ဖယ်ထုတ်လိုက်လို့မရတဲ့ ကစားသမား နာမည်ကို ပြောကြားလိုက်တဲ့ ဂန်းနားဟောင်း

ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် က လက်တစ်လော ပွဲတွေမှာ အမှား များနေပေမယ့် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးလ်စ် ဟာ အသင်းရဲ့ပွဲထွက် လူစာရင်းကနေ ဖယ်ထုတ်လို့ မရတဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက် ပါတယ် ။

ဘရာဇီး နောက်ခံလူ ဂါဘရီရယ် ဟာ ၂၀၂၀ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ လိုင်လီ အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ် ။ ဂါဘရီရယ် ဟာ ဒီရာသီ လိဂ်ပြိုင်ပွဲ ပွဲတိုင်း ပါဝင် ကစားထားပြီး အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရှိနေနိုင်အောင် ကူညီ ပေးထားပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ အာဆင်နယ် အသင်းဟာ ဂါဘရီရယ် ကို ၂၀၂၇ ခုနှစ် အထိ စာချုပ်သစ်ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ ဂါဘရီရယ် ဟာ အာဆင်နယ် အသင်း နောက်တန်း အတွက် အားကိုးရသူ တစ်ဦး ဖြစ်ပေမယ့် ဒီရာသီမှာ အမှားတွေ ဆက်လုပ် ပြုလုပ်နေမိသူ တစ်ဦးပါ ။

ဂါဘရီရယ် ရဲ့ မဖြစ်သင့်တဲ့ အမှားတွေကြောင့် တော့တင်ဟမ် ၊ ဖူလ်ဟမ် ၊ လီဗာပူး ၊ လိဒ် နဲ့ ပွဲတွေမှာ အာဆင်နယ် အသင်း အမှတ် ဆုံးရှုံးရဖို့ အတော်လေး နီးစပ် ခဲ့ပါတယ် ။

ကီဗင်ကမ်းဘဲလ် ကတော့ ဂါဘရီယဲလ် ဟာ အာဆင်နယ် အသင်း ရဲ့နောက်တန်း အတွက် ဘာကြောင့် အရေးပါတာလဲ ဆိုတာ ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” ကျွန်တော့်မှာ စိုးရိမ်စိတ်တွေ ရှိနေပေမယ့် အာဆင်နယ် မှာ aggressive ဖြစ်တဲ့ ဗဟို နောက်ခံလူ လိုအပ်ပါတယ် ။ ”

” ပြိုင်ဘက် တိုက်စစ် ကစားသမား နဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ထိပ်တိုက် ရင်ဆိုင် ယှဉ်ပြိုင် နိုင်မယ့်သူမျိုးပေါ့ ။ ဆာလီဘာ က တည်ငြိမ်တယ် ၊ အေးဆေးတယ် ၊ တခြား ကစားသမားတွေရဲ့ အမှားကို ရှင်းပေးနိုင်ပါတယ် ၊ သူ့ဘေးမှာတော့ agressive ​ဖြစ်ဖြစ် ကစားနိုင်တဲ့ နောက်ခံလူ လိုပါတယ် ။ ”

” ခံစစ် နှစ်ယောက်စလုံးက ပြုသမျှနုနေရင် ပြိုင်ဘက် တိုက်စစ်မှူးတွေရဲ့ စိတ်ကြိုက်ပါပဲ ။ ဂါဘရီရယ် လို နောက်ခံလူမျိုးက ပြိုင်ဘက် တိုက်စစ်မှူးတွေ သိပ်ရင်မဆိုင်ချင်ကြမယ့် နောက်ခံလူပါ ၊ ပြိုင်ဘက် တိုက်စစ်မှူး နဲ့ ခေါင်းချင်းတိုက်ပြီး ရန်ဖြစ် ရင်ဆိုင်မယ့် နောက်ခံလူမျိုး ရှိနေဖို့ အရေးကြီးပါတယ် ။”

” အရိုးသားဆုံးပြောရရင် ကစားသမားတွေပဲဗျာ ၊ ဘောလုံးပွဲမှာ အမှားတွေ လုပ်မိတတ်ကြပါတယ် ၊ တစ်ချို့အမှားတွေကို သဘောမကျပေမယ့် အမှားတွေ ရှိခဲ့တာတောင် အာဆင်နယ် က ထိပ်ဆုံးမှာ ဆက်ရှိနေဆဲပါပဲ ။ ကျွန်တော် က ဂါဘရီရယ် ရဲ့ အမာခံ ပရိသတ်ပါ ၊ အသင်း လုပ်ဆောင်နေတဲ့ အရာတွေအပေါ်လည်း သူက စိတ်လုံးဝ နှစ်ထားပါတယ် ၊ နံပါတ်တွေ အရလည်း သူက ကောင်းမွန်တဲ့ ဘောလုံး ရာသီကို ပိုင်ဆိုင် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM