လူးဝစ် ဗန်ဟား လမ်းစဉ်ကို လိုက်နေတဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲစဉ် ၁၁ အရောက်မှာပဲ ပရီးမီးယားလိဂ် ရဲ့ အသင်းကြီး အားလုံးနဲ့ ကစားလို့ ပြီးသွားခဲ့ ပါပြီ ။

ဒီ ၅ ပွဲမှာ ယူနိုက်တက် ဟာ မန်စီးတီး တသင်းတည်း ကိုသာ ရှုံးခဲ့ပြီး လီဗာပူး ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ကို အနိုင် ကစားကာ ချဲလ်ဆီး နဲ့ သရေကျခဲ့ ပါတယ် ။

ရမှတ် အနေနဲ့ ဆိုရင်တော့ ၅ ပွဲမှာ ၁၀ မှတ် ရအောင် ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ ။ ဒီလို အသင်းကြီးချင်း တွေ့တဲ့ ပွဲတွေဟာ ကိုယ်လည်း အမှတ်ရ ၊ သူလည်း အမှတ်ဆုံးနိုင်တာကြောင့် ၆ မှတ်တန် ပွဲတွေလို့ ပြောလေ့ ရှိပါတယ် ။

ဒီအတိုင်းဆိုရင် တန်ဟတ် တယောက် အမှတ် ၂၀ လောက်ရအောင် ကစားလိုက်သလိုပါပဲ ။

အဲရစ် တန်ဟတ် ဟာ ဒီရာသီကမှ ယူနိုက်တက် ကို စတင် ကိုင်တွယ် ခဲ့တာပါ ။ ရာသီအဖွင့် ၂ ပွဲဆက်တိုက် ရှုံးခဲ့တာကြောင့် ဖိအားတွေ နဲ့လည်း ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့် အဲ့ဒိကတည်းက စလို့ ယူနိုက်တက် ဟာ တဖြည်းဖြည်း ရလဒ်ပိုင်း တည်ငြိမ် လာခဲ့ပြီး ကစားပုံပါ တိုးတက် လာခဲ့ ပါတယ် ။

စပါး ၊ ချဲလ်ဆီး တို့နဲ့ ပွဲတွေကို အသာစီး ကစားနိုင်ခဲ့သလို လီဗာပူး နဲ့ အာဆင်နယ် တို့ကိုလည်း ဗျူဟာ ကျကျ တုန့်ပြန်ပြီး အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

မန်စီးတီး ကိုတော့ မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံးပေးခဲ့ရတာပါ ။

 

တန်ဟတ် ရဲ့ အခုလက်ရှိ အနေအထားဟာ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ယူနိုက်တက် နည်းပြ ဖြစ်ခဲ့တဲ့ လူးဝစ် ဗန်ဟား လက်ထက် ယူနိုက်တက် ရဲ့ အနေအထားတွေနဲ့ သွားပြီး ဆင်တူနေပါတယ် ။

ဗန်ဟား ဟာ တန်ဟတ် လိုပဲ နယ်သာလန်လူမျိုး နည်းပြ ဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလား အပြီးမှာ အိုးထရက်ဖိုဒ့် ရဲ့ ပဲ့ကိုင်ရှင် ဖြစ်လာခဲ့သူပါ ။

ခေါင်းမာတဲ့ နည်းပြကြီး ဟာ တန်ဟတ် လိုပဲ အဖွင့်မလှခဲ့ပါဘူး ။ ဗန်ဟား လက်ထက်မှာ ယူနိုက်တက် ဟာ ရာသီအဖွင့် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အဲ့ဒိစံချိန်ကို ဒီနှစ်မှာ နယ်သာလန်သားချင်း တူတဲ့ တန်ဟတ် က ပြန်လိုက်မီ သွားခဲ့ ပါတယ် ။

ဒါတင် မကပါဘူး ၊ တန်ဟတ် လက်ထက် ယူနိုက်တက် ရဲ့ အသင်းကြီးမှတ်တမ်း ဟာလည်း ဗန်ဟား လက်ထက် က အခြေအနေနဲ့ ထပ်တူနီးပါး ကျနေတာကိုလည်း တွေ့ခဲ့ရပါတယ် ။

ဗန်ဟား စတင် ကိုင်တွယ်တဲ့ ၂၀၁၄-၁၅ ရာသီမှာ ယူနိုက်တက် ဟာ Top Six အသင်းတွေနဲ့ တကျော့ ရင်ဆိုင် အပြီးမှာ မန်စီးတီး တသင်းတည်းကိုသာ ရှုံးခဲ့ပါတယ် ။ ချဲလ်ဆီး နဲ့ စပါး တို့ကို သရေကျပြီး လီဗာပူး နဲ့ အာဆင်နယ် တို့ကို အနိုင်ကစားခဲ့တာပါ ။

အခု တန်ဟတ် လက်ထက်မှာလည်း မန်စီးတီး ကို အရေးနိမ့်တာချင်း တူခဲ့ပြီး တန်ဟတ် ကတော့ စပါးကို အနိုင် ယူနိုင်ခဲ့တာက ပိုခဲ့ပါတယ် ။

ဒုတိယရာသီဝက် မှာတော့ ဗန်ဟား ဟာ စီးတီး ကို ရှုံးကြွေးပြန်ဆပ် ခဲ့ပြီး ၄-၂ နဲ့ အနိုင်ပြန်ယူခဲ့ ပါတယ် ။ စပါး ၊ လီဗာပူး တို့ကို အနိုင် ကစားခဲ့ပြီး အာဆင်နယ် ကို သရေကျကာ ချဲလ်ဆီး ကိုသာ ရှုံးခဲ့ပါတယ် ။

ရာသီကုန်ချိန်မှာ ဗန်ဟား ရဲ့ မန်ယူနိုက်တက် ဟာ အဆင့် ၄ နေရာနဲ့ ပန်းဝင်ခဲ့ပြီး Top Six တွေနဲ့ ကစားတဲ့ ၁၀ ပွဲမှာ ၅ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ် ။ ရမှတ်အနေနဲ့ ဆိုရင်တော့ ၃၀ မှာ ၁၈ မှတ် ရှာဖွေ နိုင်ခဲ့တာပါ ။

နယ်သာလန်သားချင်း ဖြစ်တာနဲ့ အညီ တန်ဟတ် ဟာ လူးဝစ် ဗန်ဟား နဲ့ တူညီတဲ့ အယူအဆ ၊ ခေါင်းမာမှုတွေ ပိုင်ဆိုင် ထားပါတယ် ။ ဗန်ဟား လက်ထက်မှာ စီနီယာ ဂိုးသမား ဒဟဲယား ကို ရီးရဲ မက်ဒရစ် ပြောင်းဖို့ ကြိုးစားမှုကြောင့် အရန်ခုံမှာ အကြာကြီး ထိုင်ခိုင်း ဖူးခဲ့သလို အခု တန်ဟတ် ကလည်း ရိုနယ်ဒို ကို အသင်းကနေ ပစ်ပယ်ထားခဲ့ ပါတယ် ။

ဗန်ဟား ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၂ ရာသီသာ ခံခဲ့ပြီး ပထမရာသီမှာ အဆင့် ၄ ၊ ဒုတိယ ရာသီမှာ FA Cup တို့ကိုသာ ရယူပေးခဲ့ပါတယ် ။ ဗန်ဟား လက်ထက်မှာ အသင်းကြီးတွေနဲ့ ရလဒ်တွေ ကောင်းမွန်ခဲ့ ပေမယ့် အခြားပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ပရိသတ်တွေ နဲ့ အသင်းပိုင်ရှင်တွေ မျှော်လင့်ထားသလို မဖြစ်လာခဲ့ ပါဘူး ။

အခု တန်ဟတ် ရဲ့ အခြေအနေ ကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ က ချဲလ်ဆီး နဲ့ ၁ မှတ် အကွာမှာ ရှိနေပါတယ် ။ ယူရိုပါလိဂ် မှာတော့ နောက်တဆင့် တက်ဖို့ ၁ မှတ်သာ လိုတော့ပေမယ့် အုပ်စုဗိုလ် ဖြစ်လိုတယ်ဆိုရင်တော့ ပွဲတိုင်းကို အနိုင် ကစားရမှာပါ ။

တန်ဟတ် က ဗန်ဟား ရဲ့ လမ်းကြောင်းအတိုင်း ဆက်လျောက်မှာလား ၊ ပိုကောင်းတဲ့ အနာဂါတ် ကို ခေါ်ဆောင် ပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ . . . ။

 

SPORTS MYANMAR