ရပ်လို့မရတဲ့ ဟာလန်း ၊ တပ်ပျက်နေဆဲ လီဗာပူး ၊ အရှုံးဆိုတာမသိသေးတဲ့ ရီးရဲ ၊ ၄ ကြိုက်တဲ့ မီလန် တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီး ဟာ အိမ်ကွင်းမှာ ဘရိုက်တန် ကို ၃-၁ ရလဒ် နဲ့ အနိုင် ကစားပြီး အာဆင်နယ် နဲ့ ၁ မှတ် အကွာကို ရောက်ရှိလာခဲ့ ပါတယ် ။

စီးတီး အတွက် ဟာလန်း က ၂ ဂိုး သွင်းပေးခဲ့ပြီး နော်ဝေတိုက်စစ်မှူးလေးဟာ အခုချိန်မှာတင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုးထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အဲဗာတန် ကတော့ ခရစ္စတယ် ပဲလေ့စ်ကို ၃ ဂိုးပြတ် အနိုင်ကစားပြီး အဆင့် ၁၀ နားထိ တက်ရောက် လာနိုင်ခဲ့ ပါတယ် ။

လီဗာပူး ကတော့ နော်တင်ဟမ် ဖောရက်စ် ကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ပြီး မန်စီးတီး နဲ့ ပွဲက အဖိုးတန် ၃ မှတ်ကို လွှင့်ပစ် သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ရဲ့ ပွဲကတော့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။ ချဲလ်ဆီး အတွက် ဂျော်ဂျင်ဟို က ပွဲပြီးခါနီးမှာ ပင်နယ်တီ ကနေ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၉၀+၄ မိနစ်မှာ ကက်စမဲရိုး က ယူနိုက်တက် အတွက် ချေပဂိုး ကို ပြန်လည် သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဲဗာတန် ၊ မန်ယူနိုက်တက် တို့မှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဂိုးသမားဟောင်းကြီး တင်ဟောင်းဝပ် ကတော့ ချဲလ်ဆီး ဂိုးသမား ကီပါ ဟာ သရေ ရလဒ် အတွက် အဓိက တာဝန်ရှိသူ ဖြစ်ပြီး ကက်စမဲရိုး ရဲ့ ချေပဂိုး ကို မပေးခဲ့သင့်ဘူးလို့ ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

 

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ ဆီဗီးလား ကို အိမ်ကွင်းမှာ မိုဒရစ် ၊ ဗက်ဇ်ကွက် ၊ ဗယ်ဗာဒီ တို့ရဲ့ ဂိုးတွေနဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် တည်မြဲ စေခဲ့ ပါတယ် ။

ရီးရဲ ဟာ အခု ၂၀၂၂-၂၃ ဘောလုံး ရာသီမှာ လုံး၀ ရှုံးနိမ့်ခြင်း မရှိသေးပါဘူး ။

အီတလီ စီးရီးအေ မှာတော့ မီလန် ၂ သင်းဟာ ၄ ဂိုးစီ သွင်းကာ အနိုင် ရလဒ်တွေကို ဖော်ဆောင် နိုင်ခဲ့ကြ ပါတယ် ။

အင်တာမီလန် ဟာ အဝေးကွင်းမှာ ဖီအိုရင်တီးနား ကို ၄-၃ နဲ့ အကျိတ်အနယ် အပြန်အလှန် ကစားပြီး အနိုင် ရခဲ့တာ ဖြစ်ကာ အေစီမီလန် ကတော့ အိမ်ကွင်းမှာ မွန်ဇာကို ၄-၁ နဲ့ သက်တောင့်သက်သာ အနိုင် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာလည်း ဘိုင်ယန်မြုးနစ် က ဟော့ဖမ်ဟမ်း ကို ၂-၀ ၊ ဒေါ့မွန် က စတုဂတ် ကို အိမ်ကွင်းမှာ ၅-၀ တို့နဲ့ ကိုယ်စီ အနိုင် ရရှိခဲ့ကြ ပါတယ် ။

 

ပရီးမီးယားလိဂ် ကစားသမားဟောင်း ကီဗင် ကမ့်ဘဲ က ရိုနယ်ဒို အနေနဲ့ ဇန်နဝါရီ မှာ ချဲလ်ဆီး ကို အငှား နဲ့ ပြောင်းရွှေ့ သင့်တယ်လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မနေ့ညက ချဲလ်ဆီး နဲ့ မကစားခင်မှာ လန်ဒန်ရောက် အသင်းဖော်တွေကို အားပေးတဲ့ အနေနဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ “Let’s go Manchester United” လို့ ရေးသား သွားခဲ့ပါတယ် ။

အေစီမီလန် မှာ ကစားနေတဲ့ ပြင်သစ် ဂိုးသမား မိုက် မစ်ဂ်နန် ဟာလည်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ကို ပါဝင် ကစားနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အနေနဲ့ ကွင်းလယ်လူ ကန်တီ ရဲ့ ဒဏ်ရာ ပြန်လည် ကောင်းမွန်လာမယ့် ကာလ နဲ့ ကြံ့ခိုင်မှု အနေအထားကို တွက်ချက် နေပြီး နွေရာသီမှာ စာချုပ်ပြည့်တော့မယ့် ပြင်သစ်သားကို စာချုပ်သက်တမ်း ထပ်တိုးဖို့ အလားအလာ နည်းပါးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဝေးလ် လက်ရွေးစင် အသင်းကတော့ LA Galaxy နဲ့ ပွဲကို ခြေထောက် ဒဏ်ရာကြောင့် လွဲချော် ခဲ့တဲ့ ဂါရတ်ဘေးလ် အတွက် စိုးရိမ် ပူပန်နေတယ်လို့ ကြားသိရ ပါတယ် ။

ဝုဗ် ကွင်းလယ်လူ ရူဘင်နီဗက်စ် ဟာ ဘာစီလိုနာ နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ “ဘာစီလိုာန မှာ မကစား ချင်တဲ့သူ ရှိများရှိပါ့မလား” လို့ ပြန်လည် ဖြေကြားကာ နူးကမ့်ကို သွားရောက် ကစားနိုင်ချေ ရှိကြောင်း အရိပ်မြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆန်းဒါးလန်း ကို အငှားထွက် ကစားနေတဲ့ ယူနိုက်တက် လူငယ်လေး အာမက် ဒီရယ်လို ဟာ မနေ့ ညက ဘန်လေ ကို ၄-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ သူ့ရဲ့ အသင်းသစ် အတွက် ပထမဆုံးဂိုးကို သွင်းယူ နိုင်ခဲ့တယ်လို့ သိရပါတယ် ။

အာဆင်နယ် နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ပေါ်လ်မာဆန် က ဝီလ်ဖရိုက် ဇာဟာ အနေနဲ့ အသင်းကြီးတွေ ဆီ ပြောင်းရွှေ့ဖို့ စိတ်မကူးဘဲ လက်ရှိ ခြေစွမ်းပြ နေတဲ့ ခရစ္စတယ် ပဲလေ့စ် မှာသာ ဆက်လက် ကစားပြီး ပုံစံကောင်းကို တည်ဆောက်သင့်တယ်လို့ အကြံပေးကာ ဇာဟာ ကို ပဲလေ့စ် နဲ့ စာချုပ်သစ် ချုပ်ဖို့ တိုက်တွန်း သွားခဲ့ ပါတယ် ။

ဗီလာ အသင်းဟာ ဖူလ်ဟမ် နဲ့ ပွဲက ဒေါက်ဂလပ် လူးဝစ် ရဲ့ အနီကတ် ကို အယူခံ ဝင်မှု အောင်မြင်ခဲ့ပါတယ် ။

ဒါကြောင့် လူးဝစ် ဟာ ဒီကနေ့ ကစားမယ့် ဘရန့်ဖိုဒ့် နဲ့ ပွဲကို ပါဝင် နိုင်တော့မှာပါ ။

 

SPORTS MYANMAR