မန်ယူနိုက်တက်နဲ့ ပွဲမှာ ပထမပိုင်း မပြီးခင် ကူကူရယ်လာကို ဘာကြောင့် လူစားလဲခဲ့တာလဲ ဆိုတာ ရှင်းပြလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် Big Match မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ပွဲပြီးခါနီး ရခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး အရင် ရခဲ့ပေမယ့် ၊ လက်ကျန် မိနစ် အနည်းငယ် အတွင်း ချေပဂိုး ပြန်ပေးခဲ့ရလို့ အိမ်ရှင်တို့ ၂မှတ်လျော့ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ၃ယောက်တန်း ခံစစ် အခင်းအကျင်းကို ဆက်လက် အသုံးပြုခဲ့ပြီး ၊ ကွင်းလယ်မှာ Double pivot အဖြစ် ဂျော်ဂျင်ဟိုနဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်ကို တွဲကစားစေခဲ့ပါတယ် ။ သို့ပေမယ့် လူပို ဖြစ်နေတဲ့ ခံစစ်က မာ့ခ်ကူကူရယ်လာကြောင့် ချဲလ်ဆီးတို့ ပထမပိုင်းမှာ မလိုလားအပ်ပဲ နောက်တန်းမှာသာ အချိန်ကုန်ခဲ့ရပါတယ် ။

ဒီလိုနဲ့ ပွဲချိန် နာရီဝက် ကျော်လာတဲ့ အချိန် ဂရေဟမ် ပေါ်တာ ဟာ ပထမပိုင်း ပြီးအောင်ပင် မစောင့်ဆိုင်းခဲ့ပဲ ၊ ကူကူရယ်လာကို ထုတ် ၊ ကွင်းလယ်အား ပိုကောင်းစေဖို့ မတ်တီယို ကိုဗာဆစ်ကို လူစားလဲကာ ၊ ၄ယောက်တန်း ခံစစ် အသွင်သို့ ပြန်ပြောင်းခဲ့ပါတယ် ။

ထိုနောက်ပိုင်းမှ ချဲလ်ဆီးတို့ ဘောလုံး ပြန်ကိုင်နိုင်ခဲ့ပြီး ၊ တိုက်စစ် အတွက် ပံ့ပိုးမှု အချို့ လုပ်နိုင်ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က ကိုဗာဆစ်ကို ဘာကြောင့် စောစောစီးစီး လူစားလဲ ထည့်ကစားစေခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပေါ်တာ က ” ပွဲရဲ့ အခြေအနေ အရ ကျွန်တော်တို့ရဲ့ ကွင်းလယ်က ခြေကုန်လက်ပမ်းကျခဲ့တဲ့ပုံ ပေါ်ခဲ့ပြီး ၊ ပြိုင်ဖက်ကို ဖိအား ပိုပေးနိုင်ဖို့ ၊ ပြိုင်ဖက်ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့ နောက်ထပ် ကွင်းလယ်လူ တဦး လိုအပ်ခဲ့ပါတယ် ။ နောက်ပြီး ကိုယ့်ဖက်က ကွင်းလယ်အား ကျစ်လျစ်မှု ရှိစေဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တာပေါ့ ။ ”

” ဒါက ကျွန်တော် ရခဲ့တဲ့ ခံစားချက် သက်သက်ပါပဲ ။ ဒီဆုံးဖြတ်ချက်ကို ချဖို့ မလွယ်ခဲ့ပါဘူး ။ ဒါပေမယ့် အသင်းသားတွေဟာ လက်ကျန် ပွဲချိန်တွေမှာ ကောင်းကောင်း တုန့်ပြန် ကစားခဲ့ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပေါ်တာ က မနေ့က ပွဲအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ အကျဉ်းချုံး သုံးသပ်သွားခဲ့ပါတယ် ။

ပေါ်တာ က ” ပထမပိုင်း နာရီဝက် အတွင်း မန်ယူနိုက်တက် က ကစားပုံ ပိုကောင်းခဲ့ပြီး ၊ ကျွန်တော်တို့ကို ခံစစ်ဇုန်မှာ အချိန်ကုန်အောင် လုပ်နိုင်ခဲ့ပါတယ် ။ အဲဒီနောက် ကျွန်တော်တို့ ပွဲအပေါ် လိုက်လျောညီထွေ ဖြစ်အောင် အနည်းငယ် ထိန်းညှိတဲ့ အနေနဲ့ ကွင်းလယ်လူ တဦး ထပ်ထည့်ခဲ့ပြီး ၊ ပြိုင်ဖက်ကို နည်းနည်း ပိုဖိအားပေးနိုင်ခဲ့ပါတယ် ။ ”

” အဲဒီ မိနစ် ၃၀ အတွင်း သူတို့ဟာ ကျွန်တော်တို့ဖက်ကို လွယ်လွယ်နဲ့ တိုက်စစ်ဆင် ကစားခဲ့တာပါ ။ ဒီတော့ ကျွန်တော်တို့ မဖြစ်မနေ အပြောင်းအလဲ လုပ်ဖို့ ကြိုးစားခဲ့ရပါတယ် ။ အဲဒီနောက်ပိုင်းတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ နောက်ကျမှ ချေပဂိုး ပြန်ပေးခဲ့ရတဲ့ အတွက် ကျွန်တော်တို့ စိတ်ပျက်ခဲ့မိပါတယ် ။ ”

” ဒါပေမယ့် ပွဲတပွဲလုံး အတိုင်းအတာနဲ့ ခြုံပြောရင်တော့ ဒါက မျှတမှု ရှိပါတယ် ။ ဒီမှာ ထိုင်ပြီး ကျွန်တော်တို့ ဒီနေ့ပွဲမှာ အနိုင်ရထိုက်တယ်လို့ ပြောနေမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ အနိုင်ရဖို့ ကျွန်တော်တို့ လုံလုံလောက်လောက် မစွမ်းဆောင်နိုင်ခဲ့လို့ပါပဲ ။ ဒါပေမယ့် ကြိုးစား အားထုတ်မှု ကဏ္ဍမှာတော့ အသင်းသားတွေ အံ့သြဖွယ် ကောင်းခဲ့ကြပါတယ် ။ ဒီအတွက်တော့ ကျွန်တော် ဂုဏ်ယူမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR