မန်ယူနိုက်တက်ကို ချေပဂိုး ပြန်ပေးခဲ့တဲ့ နေရာမှာ ရေသာခိုခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦး အပေါ် ရွိုင်ကိန်း ဝေဖန်ပြောဆို

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့ရဲ့ အနီးကပ် ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ တမှတ်သာ ရခဲ့ပါတယ် ။

ဂိုး၂ဂိုးလုံးဟာ ပွဲပြီးခါနီးမှ ပေါ်လာခဲ့တာ ဖြစ်ပြီး ၊ ရှေ့ပွဲချိန်တွေမှာတော့ ဧည့်သည် မန်ယူနိုက်တက်ဟာ အိမ်ရှင်ထက် ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်း မိနစ် ၃၀ဝန်းကျင်းမှာ ချဲလ်ဆီးတို့ ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ၊ မန်ယူနိုက်တက်ရဲ့ မြန်နှုန်းမြင့် ကစားဟန်ကို အံတုဖို့ ခက်ခဲ့ပါတယ် ။

ပထမပိုင်း မပြီးခင်မှာ ကိုဗာဆစ်ကို လူစားလဲ ထည့်သုံးပြီး ၊ ကွင်းလယ်အား မြှင့်တင်ခဲ့ပြီးမှသာ အိမ်ရှင်တို့ သူတင်ကိုယ်တင် ပြန်ကစားလာနိုင်ခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် တောက်လျှောက် ဂိုးပေါက် တည့်မတ်မှု မရှိခဲ့တဲ့ ချဲလ်ဆီးတို့ ပွဲပြီးခါနီး ဂိုးရဖို့ကံ ပါလာခဲ့ကာ ၊ ပင်နယ်တီကနေ တဆင့် ဂျော်ဂျင်ဟိုက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ် ။

သို့ပေမယ့် ခြင်္သေ့ပြာတို့ ဒီ အနိုင်ဂိုးကို ပွဲပြီးတဲ့ အထိ မထိန်းနိုင်ခဲ့ပဲ ၊ နာကျင်အချိန်ပို ၄မိနစ်ထဲ အဝင်မှာ ကတ်စ်မဲရိုးရဲ့ ခေါင်းတိုက် သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ် ။ ဒီရလဒ်ကြောင့် ချဲလ်ဆီးတို့ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ရှုံးပွဲမရှိ မှတ်တမ်း ဆက်ထိန်းနိုင်ခဲ့ပေမယ့် ၊ ကစားပုံ အရတော့ တိုးတက်မှု များစွာ လိုအပ်နေဆဲ ဖြစ်ပါတယ် ။

ပွဲအပြီး Sky Sports ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း က မနေ့ညက ပွဲက ချဲလ်ဆီးရဲ့ အသင်းလိုက် စုစည်းပုံ အပေါ် ဝေဖန်ရင်း ၊ ကတ်စ်မဲရိုးနဲ့ အပြိုင် ခေါင်းတိုက်ခဲ့ပေမယ့် ၊ အရင်မဦးနိုင်ခဲ့တဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကိုလည်း ရေသာခိုသူလို့ ထိုးနှက်သွားခဲ့ပါတယ် ။

ရွိုင်ကိန်း က ” ချဲလ်ဆီးဟာ ဒီနေ့မှာ ကစားပုံ တောင်ရောက်မြောက်ရောက် ဖြစ်ခဲ့ပါတယ် ။ တခြား မကြည့်ပါနဲ့ ။ အတွေ့အကြုံ ရင့်ကျက်မှု အပြည့်ရှိတဲ့ သီယာဂို ဆေးလ်ဗားကိုပဲ အရင်ကြည့်ပါ ။ သူတို့ဟာ ဒီနေ့ပွဲမှာ အထိုင်ကျတယ်ကို မရှိခဲ့ပါဘူး ။ ”

” ဟုတ်ပါတယ် ။ ပွဲပြီးဖို့ နီးကပ်လာတာကြောင့် ယူနိုက်တက်က တိုက်စစ်ကို ရသလောက် တက်ကစားခဲ့တာ မဆန်းပါဘူး ။ ဒီချေပဂိုး အတွက် ဖန်တီးပေးခဲ့တဲ့ ဘောလုံး ဖြတ်ပို့ပုံ ကောင်းခဲ့ပါတယ် ။ ခင်ဗျားရဲ့ ဘယ်အစွန် နောက်ခံလူ ( သို့မဟုတ် ) ဘယ် wing-back ဖြစ်တဲ့ ချေဝဲလ်ဟာ ဟန်ပြ ခေါင်းတိုက်ရုံ အတွက်သာ ခုန်ခဲ့ပါတယ် ။ ”

” ဒါကို ကျွန်တော်တော့ မကြိုက်ပါဘူး ။ အလုပ်သဘော အရ လုပ်နေသလိုပါပဲ ။ ခေါင်းတိုက် အဆုံးသတ်ကတော့ ကောင်းပါတယ် ။ ဒီလို ဘောလုံးမျိုး ရောက်လာတဲ့အခါမှာ ဘယ်သူက အမှန်တကယ် ခေါင်းတိုက်ဖို့ ကြိုးစားသလဲ ဆိုတဲ့ အပေါ်မှာ မူတည်သွားပါတယ် ။ ချေဝဲလ်ဟာ ဒီဘောလုံးကို စိတ်ပါပါနဲ့ ခေါင်းတိုက်ဖို့ မကြိုးစားခဲ့ပါဘူး ။ ”

” ဒါက ရေသာခိုခြင်းပါပဲ ။ ဘာလိုချင်စိတ်မှ ရှိမနေခဲ့ပါဘူး ။ ကတ်စ်မဲရိုးရဲ့ ခေါင်းတိုက်ချက် ကတော့ အရမ်းကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR