မနေ့ညက ပွဲအပြီး ကိုဗာဆစ် ဘာကြောင့် ကွင်းထဲသို့ အတွင်းခံနဲ့ ပြေးလာခဲ့တာလဲ ?

 

ချဲလ်ဆီး အသင်းရဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ မနေ့ည က ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီး ကွင်းတွင်းသို့ အတွင်းခံ တထည်တည်း ဝတ်ဆင်ကာ ၊ ပြန်လည် ပြေးဝင်လာခဲ့တာကို ပွဲအပြီး တီဗွီ ပရိုဂရမ်မှာ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။

ထိုအချိန်မှာ ၂ဖက် အသင်းသားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေ အချင်းချင်း လက်ဆွဲ နှုတ်ဆက် ၊ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပြီး ဖြစ်သလို ၊ ကိုယ်စီ ဂျာစီ လဲလှယ်မှုတွေလည်း လုပ်ခဲ့ပြီး ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် ကစားသမား အားလုံးနီးပါး အဝတ်လဲခန်းသို့ ရောက်ခဲ့ကြတဲ့ အချိန်လည်း ဖြစ်ပါတယ် ။

သို့ပေမယ့် ကိုဗာဆစ် ဟာ ကွင်းတွင်းရှိ ၄င်းရဲ့ အမာခံ ချဲလ်ဆီး ပရိသတ် တဦးထံ အမှတ်တရ ဂျာစီ ပေးလိုတဲ့ အတွက် ၊ အဝတ်လဲခန်းကနေ ပြန်ထွက်ကာ ၊ အခြား ကွင်းဖက်ခြမ်းရှိ ပရိသတ်ထံသို့ ဂျာစီ အပြေးလေး သွားပေးခဲ့တာ ဖြစ်ပါတယ် ။

ယခု ကာလ အင်္ဂလန် နိုင်ငံရဲ့ ရာသီဥတုကလည်း အတော်အသင့် အေးနေပြီ ဖြစ်တဲ့အပြင် ၊ ဝတ်လစ်စလစ်နီးပါး အနေအထားကြောင့် ကိုဗာဆစ်လည်း ဂျာစီ ပေးပြီးတာနဲ့ အဝတ်လဲခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်ပြေးဝင်သွားခဲ့ပါတယ် ။

အသက် ၂၈နှစ် အရွယ်ရှိ ကိုဗာဆစ်ဟာ မနေ့ည က ပွဲမှာ ပွဲရလဒ် အပေါ် အပြောင်းအလဲ ဖြစ်စေခဲ့ခြင်း မရှိပေမယ့် ၊ ချဲလ်ဆီး အတွက်တော့ game changer ကစားသမား ဖြစ်ခဲ့ပါတယ် ။ ပထမပိုင်း ပြီးခါနီး ၄င်း လူစားဝင် ကစားမှုကြောင့် ချဲလ်ဆီးတို့ ကစားပုံ ရစ်သမ် ပြန်မိခဲ့ကာ ၊ ကွင်းလယ် ထိန်းချုပ်မှုအား ပြန်တက်ခဲ့ရပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ကိုဗာဆစ်ကို ဘာကြောင့် ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တယ် ဆိုတာ ရှင်းပြရင်း ၊ ၄င်းကို ကြိုတင် မျှော်မှန်းထားတာထက် စောပြီး လူစားလဲခဲ့ရကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

ပေါ်တာ က ” မတ်တီယိုဟာ ဒီရာသီ တလျှောက်လုံး သူ့ဒူးရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး တချိန်လုံး အနီးကပ် စောင့်ကြည့်ထားရတာပါ ။ နောက်ပြီး ပွဲစဉ်ဇယား အနေအထားကိုလည်း တချက် ကြည့်ပါဦး ၊ ဗုဒ္ဓဟူးနေ့ တပွဲ ၊ အခု စနေနေ့မှာ တပွဲ ။ ဒီတော့ သူ့အနေနဲ့ ပွဲတိုင်း ပွဲထွက် ကစားပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ။ ”

” အစောပိုင်းတုန်းကတော့ ဒီနေ့မှာ ကျွန်တော်တို့ သူ့ကို မိနစ် နည်းနည်းပဲ ပေးကစားဖို့ စီစဉ်ထားခဲ့တာပါ ။ ဒါပေမယ့် ကွင်းတွင်းမှာ ကိုယ်ထင်ထားသလို ဖြစ်မလာတဲ့ အတွက် ၊ သူ့ကို စောစောစီးစီး လူစားဝင် ကစားခွင့် ပေးခဲ့ရပါတယ် ။ သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ကောင်းကောင်း သိထားပါတယ် ။ ”

” ဒါပေမယ့် တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေ အရပ်ရပ်ကို သေသေချာချာ နားလည် သဘောပေါက်ထားဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းဟာ လာမယ့် အင်္ဂါနေ့ညမှာ ဆဲလ်ဇ်ဘာ့ဂ် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ ရှိပြီး ၊ မနေ့ည က ပွဲမှာ ပွဲမထွက်ခဲ့ရတဲ့ ကိုဗာဆစ် တယောက် သြစတြီးယားမှာ ကစားမယ့် ပွဲကိုတော့ ပွဲထွက် ကစားဖို့ ရာခိုင်နှုန်း များနေပါတယ် ။

SPORTS MYANMAR