ဗာရန်း ရဲ့ ဒဏ်ရာ ၊ သရေပွဲရလဒ် နဲ့ ရိုနယ်ဒိုတို့ အကြောင်းတွေကို ပြောသွားတဲ့ အဲရစ်တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် က စတမ်းဖိုဒ့် ဘရစ် က သရေရလဒ် ဟာ မျှတတဲ့ ရလဒ် ဖြစ်ပြီး သူတို့ အသင်းရဲ့ အခွင့်အရေး အသုံးမချနိုင်မှု တွေကို ထောက်ပြ ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မနေ့က ချဲလ်ဆီး ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။

အိမ်ရှင် ဘက်က ပွဲပြီးခါနီးမှာ ပင်နယ်တီ ကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ ပေမယ့် နာကျင်အချိန်ပိုမှာ ကက်စမဲရိုး က ယူနိုက်တက် အတွက် ပြန်လည် ချေပ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ ချဲလ်ဆီး ထက် ဂိုးပေါက် ကန်သွင်းခွင့် ၊ ဂိုးပေါက်တည့်မှုတွေ ပိုခဲ့ပေမယ့် ရက်ဖိုဒ့် ၊ အန်တိုနီ တို့ရဲ့ အဆုံးသတ် အားနည်းမှု ၊ ချဲလ်ဆီး ဂိုးသမား ကီပါ ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးမရခဲ့ပါဘူး ။

ကက်စမဲရိုး အတွက်တော့ ဒီဂိုးဟာ အမှတ်တရ ဖြစ်စေခဲ့ပြီး ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ ပါတယ် ။

“မျှတတဲ့ ရလဒ်လို့ ထင်ပါတယ် ။ တကယ်လို့သာ ဒီတမှတ် မရခဲ့ရင် ကျွန်တော် ကျေနပ်နိုင်မှာ မဟုတ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ ရှုံးဖို့အထိ မထိုက်တန်ခဲ့ လို့ပါပဲ ။ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ ပါပြီ ၊ ၄ မှတ် အိမ်ပြန်သယ်လာ နိုင်ခဲ့ပါတယ်”

 

“ပထမပိုင်း ပြီးခါနီး ၈ မိနစ်လောက်မှာ ကျွန်တော်တို့ အခက်အခဲ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် တပွဲလုံး ခြုံကြည့်မယ် ဆိုရင် ခံစစ်က ကောင်းကောင်း အလုပ်လုပ် နိုင်ခဲ့တယ်လို့ ပြောရမှာပါ ။ ချဲလ်ဆီး ရော ကျွန်တော်တို့ပါ အခွင့်အရေး ကောင်းတွေ အများကြီး မဖန်တီးနိုင်ခဲ့သလို အသုံးလည်း မချနိုင်ခဲ့ ကြပါဘူး”

“ရက်ဖိုဒ့် ပထမပိုင်းမှာ အခွင့်ရေးကောင်း ၂ ကြိမ်လောက် ရခဲ့ ပါတယ် ။ အန်တိုနီ က တယောက်ချင်း ကို တွေ့ခဲ့တာပါ ။ ဒီလိုပွဲမျိုးမှာ ဒီလို အခွင့်အရေးမျိုးကို ဂိုးဖြစ်အောင် ပြောင်းနိုင်ဖို့ လိုပါတယ် ။ အသင်းကြီးချင်း တွေ့တဲ့ ပွဲမှာ အခွင့်အရေး ၃ ကြိမ် ဆိုတာက တကယ့်ကို ကြီးမားတဲ့ အရာပါ ။ ဂိုးသွင်း နိုင်ဖို့ လိုပါတယ်” လို့ တန်ဟတ် က ပြောဆိုခဲ့ ပါတယ် ။

 

ဒီပွဲမှာ ဒဏ်ရာ ရသွားခဲ့တဲ့ ခံစစ်မှူး ရာဖေး ဗာရန်း ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဘာဆက်ဖြစ်မယ် ဆိုတာကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အဲရစ် တန်ဟတ် က ဖြေကြားသွားခဲ့ ပါတယ် ။

ဗာရန်း ဟာ တံကောက်ကြော ဒဏ်ရာ ရခဲ့ပုံပေါ်ပြီး ကမ္ဘာ့ဖလား ကို လွဲချော် နိုင်တဲ့ အနေအထားထိ ဖြစ်နိုင်တာကြောင့် ပြင်သစ် ခံစစ်မှူးဟာ ကွင်းထဲကနေ ဝမ်းနည်းပက်လက် ငိုကြွေးပြီး ထွက်ခွာ သွားခဲ့ပါတယ် ။

“အခုချိန်မှာ ဘာဖြစ်မယ် ဆိုတာ ပြောရခက် ပါတယ် ။ ပွဲပြီးသွားလို့ ၂၄ နာရီလောက် ကြာမှ စစ်ဆေးချက်တွေ တိတိ ကျကျ ထွက်လာမှာပါ ။ သူ့ခံစားချက် ကို ကျွန်တော် နားလည်ပါတယ် ။ သူ့စိတ်ထဲ ဘာတွေ ဖြစ်နေတယ်ဆိုတာကိုလည်း အားလုံး ခံစားမိမှာပါ ။ ဒါပေမယ့် သူရော ကျွန်တော် ရော အားလုံး စောင့်ဖို့ လိုပါတယ် ။ ဆေးအဖွဲ့က လိုအပ်တာကို အကောင်းဆုံး လုပ်သွားမှာပါ” လို့ ပြောဆိုခဲ့ ပါတယ် ။

 

ဆက်လက်ပြီး နည်းပြကြီး က သူရဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့မှု နဲ့ ပတ်သက်ပြီး မှန်ကန်တယ်လို့ ယူဆကြောင်း ကိုလည်း ပြောဆိုခဲ့ ပါတယ် ။

တန်ဟတ် က သူဟာ အရှည်ကို ကြည့်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ကာ ကက်စမဲရိုး ရဲ့ ခေါင်းတိုက်ဂိုး ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် အရေးပါခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

“ဒီဂိုး က ကြီးမားတဲ့ အခိုက်အတန့်ပါ ။ ထိုက်တန်တဲ့ အမှတ်ကို ပြန်ယူနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့က မှန်ကန်တဲ့ စံနှုန်းတွေ ၊ မှန်ကန်တဲ့ အစဉ်အလာတွေ နဲ့ သွားနေတဲ့ အသင်းပါ ။ ရေတိုထက် ရေရှည် က အမြဲတမ်း ပိုပြီး အရေးကြီးပါတယ် ။ ဒါက အဆုံးသတ်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေမှာပါ” လို့ တန်ဟတ် က ပြောဆိုသွားခဲ့ ပါတယ် ။

 

ယူနိုက်တက် ဟာ လက်ရှိမှာ ရမှတ် ၂၀ နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး လာမယ့် ကြားရက်မှာတော့ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ရှရစ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR