ဗာရန်း ရဲ့ ဒဏ်ရာရမှုဟာ ဆာလီဘာ အတွက် မဟာအခွင့်အရေး ဖြစ်လာနိုင်မလား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နောက်ခံလူ ဗာရန်း ဟာ မနေ့က ချဲလ်ဆီး နဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာကြောင့် ကွင်းထဲကနေ မျက်ရည်တွေ နဲ့ ထွက်ခွာ သွားခဲ့ရပါတယ် ။ ဗာရန်း ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပြင်းထန်မှုကို သေချာ မသိရသေးပေမယ့် မကြာခင်မှာ စတင်တော့မယ့် ကမ္ဘာ့ဖလား ကို လွဲချော်ဖွယ် ရှိနေပါတယ် ။

ဗာရန်း ဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ လေးနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ရာမှာ အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦးပါ ။ ဒါပေမယ့် အခု အချိန်မှာတော့ ဗာရန်း ဟာ စဖို့ တစ်လတောင် မရှိတော့တဲ့ ကမ္ဘာ့ဖလား နဲ့ လွဲချော် နိုင်ချေ ရှိနေပါတယ် ။

ဒါကြောင့် ပြင်သစ် နည်းပြ ဒက်စ်ချမ့် အနေနဲ့ ဗာရန်း နေရာ အစားထိုးဖို့ ပြုလုပ် ရတော့မှာ ဖြစ်ပါတယ် ။ L’Equipe ရဲ့ဖော်ပြချက် အရ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာ ဟာ ဗာရန်း နေရာကို အစားဝင်နိုင်ချေ ရှိတဲ့ ကစားသမား လေးဦးထဲက တစ်ဦး ဖြစ်တယ်လို့ သိရပါတယ် ။

ဆာလီဘာ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးထားပြီး Clean-Sheet ၄ ပွဲ ရရှိအောင် စွမ်းဆောင် ပေးထားပါတယ် ။ ဆာလီဘာ ဟာ အာဆင်နယ် အသင်း နောက်တန်း ရဲ့ အဓိက အသက်သွေးကြောလို့ ဆိုနိုင်သူ ဖြစ်ပြီး ပရီးမီးယားလိဂ် မိနစ်တိုင်းမှာ ပါဝင် ကစားထားပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆာလီဘာ ဟာ ကလပ် အသင်းမှာ ခြေစွမ်းပြနေပေမယ့် အတွေ့အကြုံ နုနယ်မှုကြောင့် နိုင်ငံ အသင်းမှာ ခြေစွမ်းပြနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ် ။ သတင်းတွေအရတော့ ဗာရန်း မပါနိုင်ရင် ဆာလီဘာ နဲ့ တခြား ကစားသမား ၃ ဦးဟာ ကာတာ ကို လိုက်ပါဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။

တခြား ကစားသမား ၃ ဦးကတော့ လီဗာပူး အသင်း ရဲ့ နောက်ခံလူ ကိုနာတေး ၊ ဘာစီလိုနာ နောက်ခံလူ ကွန်ဒေး ၊ ဘေယန် မြူးနစ် နောက်ခံလူ အူပါမီကာနို တို့ ဖြစ်ပါတယ် ။

ဗာရန်း မပါနိုင်ချိန်မှာ ပြင်သစ် အသင်းဟာ လူးကပ်စ် ဟာနန်ဒက်စ် ၊ ကင်ဘမ်ဘီ ၊ Badiashile တို့ သုံးဦးကို ပွဲထွက် အသုံးပြု သွားဖို့ ရှိနေပါတယ် ။

ဒါကြောင့် အရန် ကစားသမား အဖြစ် ပါဝင်နိုင်ဖို့သာ ကိုနာတေး ၊ ဆာလီဘာ ၊ ကွန်ဒေး နဲ့ အူပါမီကာနို တို့ဟာ ယှဉ်ပြိုင် ရမှာပါ ။ အခု အချိန်မှာ ကာတာ ကို လိုက်ပါဖို့ ရေပန်းစားနေတာကတော့ ကွန်ဒေး ဖြစ်ပြီး ဆာလီဘာ ကတော့ ဒုတိယ ရေပန်း အစားဆုံးပါ ။

ကိုနာတေး ကတော့ ဒဏ်ရာ ပြသနာတွေနဲ့ အမြဲလိုလို ရုန်းကန် နေရသူ ဖြစ်ပြီး အူပါမီကာနို ကတော့ နိုင်ငံပွဲတွေမှာ ရုန်းကန် ရလေ့ ရှိသူပါ ။ လာမယ့် ကမ္ဘာ့ဖလား မှာ ဗာရန်း အစား ဘယ်သူ ပါဝင်ခွင့်ရမလဲဆိုတာ စိတ်ဝင် တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

SM