ဂန်းနားတို့ သရေတစ်မှတ်နဲ့ ကျေနပ် ခဲ့ရတဲ့ ဆောက်သမ်တန် ၁-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာများ

Super Sunday ရဲ့အစောဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်တဲ့ ဆောက်သမ်တန် အသင်း နဲ့ အာဆင်နယ် အသင်း ပွဲကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။ ပွဲအပြီးမှာတော့ ဆောက်သမ်တန် နဲ့ အာဆင်နယ် အသင်းတို့ဟာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ရလဒ် ထွက်ပေါ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းအတွက် ဂိုးကိုတော့ ကွင်းလယ်လူ ရှာကာ က သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ဆောက်သမ်တန် အတွက် ဂိုးကိုတော့ အမ်းစထရောင်း က သွင်းယူ ပေးခဲ့တာပါ ။

ဒီနေ့ သရေပွဲကြောင့် အာဆင်နယ် အသင်းဟာ ဒုတိယနေရာက မန်စီးတီး အသင်း နဲ့ နှစ်မှတ်ကွာ အနေအထားကို ပြန်လည် ရောက်ရှိ သွားခဲ့ပါတယ် ။

 

ဆောက်သမ်တန် ၁-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တာတွေကတော့

၁ ။ ဂိုးတွေမြူးနေတဲ့ နှလုံးလှ လူမိုက်ကြီး

ပြီးခဲ့တဲ့ ရာသီတုန်းက Amazon က ရိုက်ကူးတဲ့ All or Nothing Documentary Series ထဲမှာ ရှာကာ ရဲ့ ဝေဖန် ပြစ်တင်မှု မှန်သမျှကို သူ တာဝန်ခံပါ့မယ် ဆိုတဲ့ စကားဟာ အာဆင်နယ် ပရိသတ်တွေ ရဲ့ ရင်ကို ကိုင်လှုပ် နိုင်ခဲ့ပါတယ် ။ ဒါကြောင့် မြန်မာ က ဂန်းနားတွေဟာ ရှာကာ ကို နှလုံးလှ လူမိုက်ကြီးလို့ ချစ်စနိုးနဲ့ နာမည် ပေးထားကြပါတယ် ။

ဒီကနေ့မှာလည်း ရှာကာ ဟာ အာဆင်နယ် အသင်းအတွက် ဦးဆောင်ဂိုး ကို သွင်းယူပေးခဲ့ပြီး ဒီရာသီ သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပါပြီ ၊ ဒါ့အပြင် နှစ်ပွဲဆက် ဂိုးသွင်း နိုင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံး နှစ်ဂိုးစလုံးက သူ အားမသန်တဲ့ ညာခြေ နဲ့ ကန်သွင်းယူ ခဲ့တာပါ ၊ ထူးခြားမှု အနေနဲ့ ရှာကာ ရဲ့နောက်ဆုံး သွင်းဂိုးစလုံးကို ဖန်တီးပေးခဲ့သူတွေက ဘန်ဝှိုက် နဲ့ တိုမီယာစု တို့လို ညာနောက်ခံလူတွေ ဖြစ်နေတာပါပဲ ။

ရှာကာ ဟာ ပြီးခဲ့တဲ့ သုံးရာသီအတွင်း စုစုပေါင်း လိဂ်ဂိုး ၃ ဂိုးသာ ရခဲ့ပေမယ့် ဒီရာသီမှာတော့ ပွဲစဉ် (၁၃) အပြီးမှာတင် လိဂ် ဂိုး ၃ ဂိုး သွင်းယူ ထားနိုင်တာပါ ။ ရှာကာ ဟာ ဒီရာသီမှာ သွင်းဂိုး လေးဂိုး အပြင် ဂိုးဖန်တီးမှု ၃ ကြိမ်လည်း ပြုလုပ်ထားပါတယ် ။

 

၂ ။ ရုပ်ပေါက်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်များ

ဒီနေ့ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ရောဘတ်ဂျုံးစ် ကို အာဆင်နယ် ပရိသတ်တွေ ကောင်းကောင်း မှတ်မိကြမယ် ထင်ပါတယ် ။ ရောဘတ်ဂျုံးစ် ဟာ ရာသီအစတုန်းက အက်စတန်ဗီလာ အသင်း ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝဇ် ရဲ့ အငြင်းပွားဖွယ်သွင်းဂိုး ကို ခွင့်ပြု ပေးခဲ့တဲ့ ဒိုင်ပါ ။ ဒီနေ့မှာလည်း ရောဘတ်ဂျုံးစ် ဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ထပ်လုပ်ခဲ့ပြန်ပါတယ် ။

ပထမပိုင်းအတွင်း ဂျေးဇု ဂိုးဧရိယာအတွင်း သိသိသာသာ ပြစ်ဒဏ် ကျူးလွန် ခံခဲ့ရပေမယ့် ပင်နယ်တီ ပေးခဲ့ခြင်း မရှိသလို ဆာကာ ကို အဝါကဒ် ပြခဲ့တာကလည်း ရုပ်ပေါက် ခဲ့ပါတယ် ။ ဆာကာ ဟာ ပြိုင်ဘက် နောက်ခံလူ ရဲ့ တွန်းထုတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပေမယ့် ဟန်ဆောင် လှဲချခဲ့တယ်ဆိုပြီး အဝါကဒ် ပြခံရတာပါ ။ ပွဲပြီးခါနီးမှာလည်း လိုင်ယန်ကို ဟာ အန်ကီတီးယား ရဲ့လည်ပင်းကို ကိုင်ပီး ခေါင်းချင်း တိုက်ခဲ့ပေမယ့် အဝါကဒ် ပဲ ပြသခဲ့ပါတယ် ။

၃ ။ ဒီရာသီ ပထမဆုံး သရေပွဲနဲ့ ကြုံတွေ့ သွားရတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းကတော့ ဇန်နဝါရီလ နောက်ပိုင်းကတည်းက မရတော့တာကြာပြီ ဖြစ်တဲ့ သရေပွဲ ပြန်ရသွားခဲ့ပါပြီ ။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် သွင်းဂိုး တစ်ဂိုးတည်းသာ ရခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ဒုတိယပိုင်း ခြေစွမ်းကတော့ အတော်လေး အားနည်းချက်တွေ များခဲ့တာကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး သရေတစ်မှတ် နဲ့သာ ကျေနပ် ခဲ့ရတာ ဖြစ်ပါတယ် ။

၄ ။ Clinical ဖြစ်ဖို့ လိုအပ်နေဆဲ ဂျေးဇု

အာဆင်နယ် အသင်းရဲ့ ဒီနွေရာသီ အကောင်းဆုံး ခေါ်ယူမှု လို့ ဆိုနိုင်တဲ့ ဂါဘရီရယ် ဂျေးဇု ဟာ ဂန်းနားတို့ရဲ့ တိုက်စစ် ကို အကောင်းဆုံး ဦးဆောင် ထားနိုင်ပြီး သူ့ရဲ့ pressing ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှု ၊ ပြိုင်ဘက်တွေ ကို လိမ်ခေါက် ကျော်ဖြတ်နိုင်မှုက အပြစ် ပြောစရာ မရှိပါဘူး ။ ဒါပေမယ့် ဂျေးဇု ရဲ့ အဆုံးသတ် စွမ်းရည်ကတော့ အားနည်း နေဆဲပါပဲ ။

ဂျေးဇု ဟာ ဒီနေ့ပွဲမှာ အပိုင် အခွင့်အ​ရေး ၂ ကြိမ် အပါအဝင် ဂိုးကန်သွင်းမှု ၄ ကြိမ် လုပ်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး ။ ဒုတိယပိုင်းမှာဆိုလည်း ပြိုင်ဘက် နောက်ခံလူရဲ့ လူကပ် ကစားမှုကြောင့် ရုန်းကန် ခဲ့ရပါတယ် ။ ဂျေးဇု တစ်ယောက် ဂိုးပေါက်ပျောက်နေတာ ငါးပွဲဆက် ရှိသွား ခဲ့ပါပြီ ။

SM