ခြင်္သေ့ပြာတို့ ဦးဆောင်ဂိုးကို ပွဲပြီးတဲ့ အထိ မထိန်းနိုင်ခဲ့တဲ့ ချဲလ်ဆီး ၁ – ၁ မန်ယူနိုက်တက် ပွဲမှ အိမ်ရှင် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

 

မနေ့ည က ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ပရီးမီးယားလိဂ် Big Match မှာ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ တဖက်တဂိုးစီ သရေရလဒ်နဲ့ တမှတ်စီ ခွဲယူသွားခဲ့ကြပါတယ် ။ ထိုပွဲမှ အိမ်ရှင် ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 7 )

ရှေ့ ၅ပွဲဆက် ထိန်းထားခဲ့တဲ့ Clean Sheet မှတ်တမ်း ပျက်စီးသွားခဲ့ပေမယ့် ၊ ကီပါဟာ မနေ့ညက ပွဲရဲ့ အကောင်းဆုံး ချဲလ်ဆီး ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ် ။ ပထမပိုင်းက ဧည့်သည် အသင်းရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြ ကာကွယ်ခဲ့သလို ၊ နာကျင် အချိန်ပိုမှာ ပေးခဲ့ရတဲ့ ချေပဂိုးကိုပင် ကာကွယ်လုနီးပါး ဖြစ်ခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ သီယာဂို ဆေးလ်ဗား ( Rating – 7 ) ၊ မာ့ခ်ကူကူရယ်လာ ( Rating – 4 )

ကူလီဘာလီ ထရိန်နင်မှာ ဒဏ်ရာ ရသွားခဲ့လို့ ၊ ဘယ်ခံစစ်မှူး နေရာမှာ ပွဲထွက်ခွင့် ထပ်ရခဲ့တဲ့ ကူကူရယ်လာ ဟာ ထိုနေရာမှာ ကစားခဲ့တဲ့ ရှေ့ပွဲက ခြေစွမ်းတွေ အတိုင်း ဆိုးရွားခဲ့ပါတယ် ။ ၄င်းဖက်က ပေါက်တဲ့ အခွင့်အရေးတွေကို ဧည့်သည်ဖက်က အခွင့်ကောင်း မယူနိုင်ခဲ့လို့သာ ချဲလ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ် ။

ကူကူရယ်လာကို ပထမပိုင်း မပြီးခင် ကိုဗာဆစ်နဲ့ လူစားလဲကာ ၊ ၄ယောက်တန်း ခံစစ် ပြန်ပြောင်းခဲ့တာ က ချဲလ်ဆီး အတွက် အသင်းလိုက် ကစားပုံ များစွာ တိုးတက်စေခဲ့ပါတယ် ။ အခြား ခံစစ်မှူး ၂ဦးကတော့ အတော်အသင့် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ် ။

အထူးသဖြင့် ထရက်ဗာ ချာလိုဘာ ဟာ ခံစစ်မှာ အထူး အလုပ်များခဲ့ပြီး ၊ ၄င်းရဲ့ အပြေးအား ၊ တိုးအား ရုန်းအားကောင်းမှုကြောင့် ဒုတိယပိုင်း ချဲလ်ဆီး ခံစစ် က ကျစ်လျစ်မှု ရှိခဲ့တာ ဖြစ်ပါတယ် ။ သီယာဂို ဆေးလ်ဗားကတော့ ဒီပွဲမှာ ခြေစွမ်း အသင့်အတင့် ပြနိုင်ခဲ့ပေမယ့် ၊ ဧည့်သည် အသင်းရဲ့ မြန်နှုန်းမြင့် တိုက်စစ် ကစားသမားတွေကို အံတုဖို့ အခက်တွေ့ခဲ့ပါတယ် ။

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 5 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ဂျော်ဂျင်ဟို ၊ ဘန်ချေဝဲလ် ( Rating – 6 )

ညာ wing-back မှာ ရိစ်ဂျိမ်းစ် မရှိတာ ချဲလ်ဆီး တသင်းလုံး အပေါ် သက်ရောက်မှု ရှိခဲ့ပြီး ၊ အက်ဇ်ပီလီကွီတာရဲ့ အသက်အရွယ် ရလာမှု ၊ passive ပုံစံ ကစားဟန် ၊ တိုက်စစ် လိုက်ပါမှု အားနည်းခြင်းတွေကြောင့် ညာခြမ်း တိုက်စစ်က အလုပ်မဖြစ်ခဲ့ပါဘူး ။

ဘယ်ခြမ်းမှာလည်း ချေဝဲလ် က အားရလောက်တဲ့ ခြေစွမ်းမျိုး မပြနိုင်ခဲ့ပေမယ့် ၊ တိုက်စစ် အတွက် ပံ့ပိုးမှု အချို့က ရည်ရွယ်ချက် ရှိခဲ့ပါတယ် ။ သို့ပေမယ့် ခံစစ်ပိုင်းမှာတော့ ကူကူရယ်လာနဲ့ ၄င်း အကြား chemistry အားနည်းနေခဲ့ပြီး ၊ 4 back ဆီ ပြန်ပြောင်းမှသာ အသားပိုကျခဲ့တာကို တွေ့ရပါတယ် ။

ကွင်းလယ် double pivot မှာတော့ လော့ဖ်တပ်စ်ချိခ် – ဂျော်ဂျင်ဟို အတွဲဟာ ပထမပိုင်း အတွင်း မန်ယူနိုက်တက် ကွင်းလယ်ကို အံတုနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ကိုဗာဆစ် လူစားဝင်ပြီးတဲ့ နောက်ပိုင်းမှသာ ပွဲကို လုံလုံလောက်လောက် ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဂျော်ဂျင်ဟိုကတော့ ပွဲပြီးခါနီး ရခဲ့တဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့ပါတယ် ။

တိုက်စစ် – ရာဟင်း စတာလင် ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ( Rating – 5 ) ၊ မေဆင်မောင့် ( Rating – 6 )

အဓိက ပွဲထွက် ၃ယောက်တွဲ တိုက်စစ်ဟာ မနေ့ညက ပွဲရဲ့ ပထမပိုင်းမှာ ပါတယ်လို့တောင် မထင်ရတဲ့ အထိ စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ Final Third zone မှာ အားနည်းမှုတွေ မြင်နေရဆဲ ဖြစ်ပြီး ၊ နားလည်မှုတွေလည်း ပျောက်ဆုံးနေတာကို သတိထားမိမှာ ဖြစ်ပါတယ် ။

ဒုတိယပိုင်းမှသာ တန်ပြန်တိုက်စစ် အချို့ကတော့ half-chance အနည်းငယ် ချဲလ်ဆီးတို့ ရခဲ့ပေမယ့် ၊ စတာလင် ၊ အူဘားမီးယန်းတို့ အနားသတ် မကောင်းခဲ့ကြပါဘူး ။ မေဆင်မောင့်ကလည်း ကျန်တိုက်စစ်ကစားသမား ၂ဦးနဲ့ ဘာမှတော့ မကွာခြားပေမယ့် ၊ အနည်းဆုံးတော့ press ပုံစံ လိုက်ကစားပေးခဲ့ပါသေးတယ် ။

 

လူစားဝင် ကစားသမားများ – မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 5 ) ၊ အာမန်ဒို ဘရိုဂျာ ၊ ကာနီ ချူကွီမက်ကာ ( Rating – 6 )

ပထမပိုင်း ပြီးခါနီး ကူကူရယ်လာ အစား ဝင်ကစားတဲ့ ကိုဗာဆစ်ဟာ ချာလိုဘာ နည်းတူ မနေ့ည ချဲလ်ဆီး အသင်းရဲ့ အကောင်းဆုံး outfield ကစားသမား ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ၄င်းကြောင့် တိုက်စစ်နဲ့ ခံစစ် link-up ကောင်းကောင်း ပြန်မိခဲ့ပါတယ် ။

ပူလီဆစ်ကတော့ ဘရန်းဖို့ဒ်နဲ့ ပွဲက ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး ။ ဘရိုဂျာကတော့ ချဲလ်ဆီး အတွက် ပင်နယ်တီ ရှာဖွေပေးခဲ့ကာ ၊ ချူကွီမက်ကာကတော့ ကွင်းလယ် အတွက် physical အားသာချက် ပေးခဲ့ပါတယ် ။

SPORTS MYANMAR