အတွဲမိလာတဲ့ မက်ဆီ-ဘာပေ ၊ ဂျိမ်းစ် အတွက် သတင်းဆိုး ၊ အမှတ်ပြတ်တဲ့ ရွှေဘောလုံး တို့နဲ့ . . . နံနက်ခင်းအားကစား သတင်းများ

ဘန်ဇီးမား အောင်ပွဲ ခံသွားတဲ့ ၂၀၂၂ ရွှေဘောလုံး ဆုပေးပွဲရဲ့ ရမှတ်တွေကို ယမန်နေ့က ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် နဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီးမား ဟာ ရွှေဘောလုံး မဲပေးမှုမှာ အမှတ်ပေါင်း ၅၄၉ မှတ် ရရှိခဲ့ပြီး ဒုတိယ နေရာက မာနေး ကို ၃၅၆ မှတ်အသာ နဲ့ အောင်ပွဲခံနိုင်ခဲ့ ပါတယ် ။

ဒါဟာ ၂၀၁၆ တုန်းက ရိုနယ်ဒို ရဲ ၄၂၉ မှတ် အပြီးမှာ ဒုတိယ အများဆုံး အမှတ်ပြတ်မှုလည်း ဖြစ်လာခဲ့ပါတယ် ။

ဒုတိယ နေရာက မာနေး က ၁၉၃ မှတ် ၊ တတိယ နေရာက ဒီဘရိုင်းနား က ၁၇၅ မှတ် ရခဲ့ပြီး Top Five သာ ရမှတ် ၁၀၀ ကျော်ခဲ့ကြပါတယ် ။

နယ်သာလန် နဲ့ ယူရဂွိုင်း တို့ကတော့ ကမ္ဘာ့ဖလား အတွက် ကနဦး လူစာရင်းကို ထုတ်ပြန် လိုက်ကြပါပြီ ။ ပြိုင်ပွဲဝင်မယ့် ၃၂ သင်းဟာ ဒီကနေ့မှာ ကနဦး လူစာရင်း ကို တင်ပြကြရမှာ ဖြစ်ပြီး နိုဝင်ဘာထဲ ရောက်မှသာ အပြီးသတ် ၂၆ ယောက်စာရင်း ကို ပြန်လည် တင်ပြရမှာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်အထိ တော့ သိသမျှ ရှိသမျှ ကစားသမားတိုင်းလိုလို ကနဦး ၅၅ ယောက် စာရင်းမှာ ပါဝင်လာကြမှာပါ ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး အန်တိုနီယို ကွန်တီ က သူဟာ တောင်ပံ ကစားသမား ဒီဂျန် ကူလူဆက်ဗ်စကီး ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် စိုးရိမ် စိတ်ပူမိပြီး လာမယ့် ကမ္ဘာ့ဖလား ပြီးသည်အထိ ပြန်ကောင်းလာနိုင် မလားဆိုတာ သေချာပေါက် မပြောနိုင်ဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ကလည်း ခွဲစိတ်ဆရာဝန် ဟာ သူ့ကို အနည်းဆုံး ၂ လ လောက် အနားယူရမယ်လို့ ပြောလာခဲ့ကြောင်း ထပ်ဆင့် အသိပေး သွားခဲ့ပြီး ကမ္ဘာ့ဖလား နဲ့ လွဲဖို့ သေချာသလောက် ဖြစ်နေတာကို ပရိသတ်တွေထံ အသိပေး ဝေမျှ သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ ကွင်းလယ်လူ အန်ဂိုလို ကန်တီ ရဲ့ စာချုပ် ကိစ္စထက် ကစားသမား ရဲ့ ကြံ့ခိုင်မှု အခြေအနေ ကိုသာ ဦးစားပေး လုပ်ဆောင် သွားမယ်လို့ ပြောဆိုခဲ့ ပါတယ် ။

ကန်တီ ဟာ ရာသီအကုန်မှာ ချဲလ်ဆီး နဲ့ စာချုပ်ပြည့်မှာ ဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာကြောင့် ၄ လ ခန့် နားရဖို့ ရှိနေသူ ဖြစ်ပါတယ် ။

နောက်ခံ အစွန်လူတွေ ဆက်တိုက် ဒဏ်ရာ ရနေတဲ့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် အတွက် နောက်ထပ် စိတ်ပျက်စရာ သတင်း ထွက်လာခဲ့ ပါတယ် ။ အဲ့ဒါကတော့ ဆောက်သမ်တန် မှာ ကစားနေတဲ့ ကိုင်လ် ဝေါ်ကာ ပီတာ ဟာလည်း တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ပြီး ကာလရှည် အနားယူရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ် ။

မနေ့က ကာရင်တန် ကို လာပြီး တယောက်တည်း လေ့ကျင့်ခန်း ဆင်းခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ အင်စတာဂရမ် မှာ “ရှေ့ဆက်မယ်” ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြန်လည်အားဖြည့် နေတဲ့ ပုံကို တင်ကာ ပရိသတ်တွေ ကို အသိပေးသွားခဲ့ ပါတယ် ။

မြောက်အိုင်ယာလန် အသင်း ဟာ ၂၈ ပွဲမှာ ၆ ပွဲသာ အနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ လက်ရွေးစင် နည်းပြ အိုင်ယန် ဘရာကလောက် ကို ထုတ်ပယ်လိုက်ပြီလို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ နွေရာသီမှာ အသင်းရဲ့ ဝါရင့် စီနီယာ ၄ ယောက် ဖြစ်ကြတဲ့ ပီကေး ၊ အယ်လ်ဘာ ၊ ဆာဂျီ ရောဘတ်တို နဲ့ ဘက်စကွက် တို့ အားလုံးကို ရှင်းထုတ် သွားဖို့ စိတ်ကူးနေပါတယ် ။

ဒီအထဲက အချို့ ကတော့ နွေရာသီ အတွက် အစီအစဉ်တွေ ရှိနှင့်ပြီးပြီလို့ သတင်း ကြားသိရပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ တဖန် ပြန်လည် နာမည်ကြီးလာဖို့ ရှိနေပြီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ အပြင် မန်ချက်စတာ ယူနိုက်တက် ကပါ အပြိုင်အဆိုင် ကမ်းလှမ်းဖွယ် ရှိတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

မနေ့ညက ကစားသွားတဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာတော့ PSG ဟာ အဂျာစီယို အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ် ။

PSG အတွက် ဘာပေ က ၂ ဂိုး မက်ဆီ က ၁ ဂိုး သွင်းယူခဲ့ပြီး သူတို့ ၂ ဦးကပဲ ဂိုးတွေကို အပြန်အလှန် ဖန်တီးပေးခဲ့ ကြတာပါ ။

အီတလီ မှာလည်း ယူဗင်တပ် ဟာ အမ်ပိုလီ အသင်းကို ၄-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် အတွက် စိတ်ဓါတ် ခွန်အား ရယူနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR