အက်စတွန်ဗီလာ နည်းပြရာထူးကနေ စတီဗင်ဂျာရတ် ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် ကလော့ နဲ့ ကာရေဂါ တို့ရဲ့ တုန့်ပြန်မှု

 

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က မနေ့က အက်စတွန်ဗီလာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ စတီဗင်ဂျာရတ်ဟာ ‘အကောင်းဆုံး ပုံစံနဲ့ ပြန်လာလိမ့်မယ်’ လို့ ဆိုလိုက်ပါတယ်။ လီဗာပူး နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖူဟမ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဗီလာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အက်စတွန်ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားကာ တန်းဆင်းဇုန်အထက်မှာ ဂိုးကွာခြားချက် ရပ်တည်နေပါတယ်။ ဗီလာ chief executive ခရစ်ရှန်ပေါ်စလိုက ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက midland club ကို ရောက်လာခဲ့တဲ့ ဂျာရတ်ရဲ့ လက်အောက်မှာ သူတို့အသင်းဟာ ရည်မှန်းထားတဲ့ အရာတွေ မပြည့်မြောက်ခဲ့တာကြောင့် ဒီလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗီလာဟာ ဂျာရတ် ကိုင်တွယ်ခဲ့တဲ့ ပွဲ ၄၀ မှာ နိုင်ပွဲ ၁၃ ပွဲသာ ရခဲ့ပြီး ရလဒ် နဲ့ ခြေစွမ်းပိုင်းက ဆိုးရွားခဲ့ပါတယ်။

ဂျာရတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမှု အပေါ် ကလော့က “သူ အကောင်းဆုံး ပြန်လာမယ် ဆိုတာ ကျွန်တော့်ဘက်က သေချာသိပါတယ်။ ကျွန်တော်ဟာ သူ့ကို အမြဲတမ်း စောင့်ကြည့်နေတာကြောင့် ဒီမနက်မှာ စကား အနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်တော့ မဟုတ်ပါဘူး။ သူဟာ ရည်မှန်းချက် ကြီးမားသူ ဖြစ်တာကြောင့် ဒါဟာ သူ့အတွက် စိတ်ပျက်စရာ ဖြစ်နေမယ်ဆိုတာ ကျွန်တော် ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် စတီဗီနဲ့ ပက်သက်ပြီး ကျွန်တော်တို့ စိတ်ပူစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ သူဟာ ဒီ game နဲ့ ဒီလိုမျိုးတွေ ဖြစ်တက်တယ်ဆိုတဲ့ အကြောင်းကို ကောင်းကောင်း သိပြီးသားပါ။

ဘ၀မှာ အမြဲတမ်း အလဲထိုးခံရမှုတွေက ရှိနေမှာပါ။ ဘယ်လို တုန့်ပြန်သွားမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ သူဟာ အမြဲတမ်း ပြန်လာနိုင်လေ့ ရှိသူ ဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဒီလိုပဲ ဖြစ်မှာပါ။ ကြီးကြယ်တဲ့ မန်နေဂျာ တော်တော်များများ ကလည်း အကြောင်းရင်း အမျိုးမျိုးနဲ့ ကလပ်ကနေ ထွက်ခွာသွားတာတွေ ရှိကြပါတယ်။ သူတို့ဟာ ဒီကနေ လေ့လာသင်ယူပြီး အခြား နေရာတစ်ခုမှာ ပိုမို ကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးနိုင်လေ့ ရှိပါတယ်။

သူ ပြန်လာမှာပါ။ ဒါပေမယ့် သူ အချိန်ယူသွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ သူဟာ ကစားသမားဘ၀ကနေ အနားယူပြီးနောက်ပိုင်း တစ်ချိန်လုံး အလုပ်လုပ်နေခဲ့သူ ဖြစ်တာကြောင့် ဒါဟာ အားပြန်ဖြည့်ဖို့ အခွင့်အရေး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂျာရတ်ဟာ ဒီရာသီမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ် မန်နေဂျာ ဖြစ်လာခဲ့ပြီး ၎င်းရဲ့ ရှေ့မှာ စကော့ပါကား သောမတ်တူချယ် နဲ့ ဘရူနိုလာဂျာ တို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကာရေဂါက “မန်နေဂျာတိုင်း အတွက် တူညီတဲ့အရာကတော့ ရလဒ်ပါပဲ။ ဗီလာပရိတ်သတ်တွေဟာ အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေ မပေါ် မကျေမနပ် ဖြစ်နေမှုကို ကြည့်လိုက်မယ်ဆိုရင် ဒီသတင်းဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဗီလာ ဘုတ်အဖွဲ့အနေနဲ့ လာမည့် တနင်္ဂနွေနေ့ ပွဲကို ဆက်ကိုင်ခိုင်းမလား ဆိုတာကိုပဲ သိချင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဘရန့်ဖို့ဒ်နဲ့ပွဲဟာ တအား နီးကပ်နေလို့ပါ။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ တုန့်ပြန်မှုတွေက တအားကို ပြင်းထန်နေတာကြောင့် ဒါဟာ နှစ်ဘက်စလုံး အတွက် ကောင်းမွန်တဲ့ လမ်းခွဲမှု ပါပဲ။

 

အသင်းရလဒ်မကောင်းချိန်မှာ အဓိက တာ၀န်ခံရတာကတော့ မန်နေဂျာပါပဲ။ ဒါကို ကစားသမားတိုင်း မန်နေဂျာတိုင်း ဒါကို သိပါတယ်။ စတီဗီလည်း ဒါကို သိနေပါတယ်။ သူ့အနေနဲ့ တစ်ချို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် စိတ်ပျက်နေမှာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ မန်နေဂျာလောကထဲကို ၀င်ရောက်ပြီ ဆိုရင် ရလဒ်မကောင်းဘူးဆိုရင် ဒါဖြစ်လာမယ်ဆိုတာ သိထားကြပြီးသားပါ။” လို့ ပြောသွားပါတယ်။

SPORTS MYANMAR