နော့တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး လီဗာပူးကစားသမား ၂ ဦးကို ဝေဖန်လိုက်တဲ့ ကလော့

 

ယာဂန်ကလော့ဟာ မနေ့ညက City Ground မှာ နော့တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ လီဗာပူးရဲ့ ထိရောက်မှှု မရှိတဲ့ အဆုံးသတ် စွမ်းရည်တွေ အပေါ် ပြစ်တင်သွားခဲ့ပါတယ်။ The Reds တို့ဟာ ရာသီအစပိိုင်းက ရုန်းကန်နေရမှုတွေကို ရိန်းဂျား မန်စီးတီး နဲ့ ဝက်ဟမ်း တို့ကို ဆက်တိုက် အနိုင်ယူကာ ရုန်းထွက်နိုင်သလို ရှိခဲ့ပေမယ့်လည်း မနေ့ညက တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဖောရက်စ်နဲဲ့ ပွဲစဉ်မှာတော့ ကစားပုံက ဆိုးရွားခဲ့သလို တိုက်စစ်ကလည်း အဆွယ်ကျိုးနေခဲ့ပါတယ်။

ကလော့ဟာ တီယာဂို နဲ့ ဒါဝင်နူးနက် တို့ရဲ့ ဒဏ်ရာပြသနာတွေကြောင့် ဝက်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းကို များစွာ အပြောင်းအလဲ လုပ်ခဲ့ရပြီး ၎င်းတို့နေရာမှာ ကာတစ်ဂျုံး နဲ့ ကာဗယ်ဟို တို့ကို ဝင်ကစားစေခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးရဲ့ အကောင်းဆုံး အခွင့်အရေးတွေဟာ set-pieces တွေကနေ တဆင့် ရခဲ့တာ ဖြစ်ပြီး ရှင်းလင်းလှတဲ့ အခွင့်အရေးများစွာကို ဖြုန်းတီးပစ်ခဲ့ကာ ဗန်ဒိုက် နဲ့ ဖာမီနို တို့က အထူး အပြစ်တင်စရာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပထမပိုင်းမှာ ၆ ကိုက်စည်းအတွင်း ရရှိခဲ့တဲ့ အကောင်းဆုံး အခွင့်အရေးကို ကိုယ်တိုင် ခေါင်းတိုက်သွင်းရမယ့် အစား မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကာ အသင်းဖော်ကို ဘောလုံးပေးခဲ့ရာမှာ များပြီး ပျက်သွားခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာ ဖာမီနို ကလည်း ထောင့်ကန်ဘောကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ရတဲ့ ဘောလုံးကို ဘေးထွက်စေခဲ့ပြီး ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးတွေကို ဖြုန်းခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ဟာ ဒုတိယပိုင်းမှာ အခွင့်အရေးကောင်း ၂ ကြိမ် ရခဲ့ပေမယ့် တစ်ကြိမ်က ဟန်ဒါဆန် ကာကွယ်ခဲ့သလို တစ်ကြိမ်က ဘောလုံးပေးတာ များခဲ့တာကြောင့် လီဗာပူးတို့ ချေပဂိုး မရခဲ့တာပါ။

ဒီပွဲစဉ်အပြီးမှာ ကလော့က “ကစားပုံကို ကျွန်တော် ရှင်းပြနိုင်ပေမယ့် ရလဒ်ကိုတော့ မရှင်းပြတက်တော့ပါဘူး။ အသင်းတစ်သင်းဟာ set-piece ကနေ ရခဲ့တဲ့ အခွင့်အရေး ၄ ၅ ကြိမ်လောက်ကို ကိုယ်တိုင် အဆုံးသတ်ပစ်ရမယ့် အစား ဘာလုပ်ရမလဲ မသိဖြစ်နေတာမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဒီအပိုင်းနဲ့ ပက်သက်ပြီး ပွဲမတိုင်မီ အကောင်းဆုံး ပြင်ဆင်ထားခဲ့ပါတယ်။

Set-piece တွေမှာ ကျွန်တော်တို့ဟာ အမြဲတမ်း free player ရှိနေခဲ့ပြီး ပထမပိုင်းမှာ ဘော်ဘီ (ဖာမီနို) နဲ့ ဗာဂျယ် ကလည်း အခွင့်အရေး ၂ ကြိမ် ၃ ကြိမ် ရရှိခဲ့ကာ သူတို့ အနေနဲ့ ဒါတွေကို အပိုင်အဆုံးသတ်ကာ ပွဲကို အပြီးဖြတ်ထားခဲ့သင့်ပါတယ်။ အဲဒီအခိုက်အတန့်တွေမှာ ဘယ်သူမှ ဘော်ဘီကို လူကပ်ထားတာ မရှိပါဘူး။ အဲဒီအခိုက်အတန့်တွေမှာ ဘယ်သူမှ ဗာဂျယ်ကို လူကပ်ထားတာမျိုး မရှိပါဘူး။ သူတို့ဟာ လုံးဝ free ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒါတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ အကယ်၍ သူတို့သာ ဒီအခွင့်အရေးတွေကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ခင်ဗျား အနေနဲ့ ခြားနားတဲ့ မေးခွန်းကို မေးရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီလို အံံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှု အပေါ် ဘယ်လို ခံစားခဲ့ရသလဲ ဆိုတဲ့ မေးခွန်းကို ကလော့က “ဖြစ်နိုင်သမျှ အနိမ့်ဆုံး အခြေအနေနဲ့ ခံစားရပါတယ်။ အရမ်းကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ ဒီပွဲကို ဘယ်လိုလုပ်ပြီး ရှုံးသွားခဲ့လဲဆိုတာ နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားခဲ့လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရခဲ့တဲ့ အပိုင်အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့မယ် ဆိုရင် တကယ်ကောင်းမှာပါ။

ဒဏ်ရာပြသနာတွေ ၊ ပြင်းထန်တဲ့ ရက်သတ္တပတ်တွေကြောင့် ကျွန်တော်တို့ လူအပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ရပါတယ်။ ဖောရက်စ်ဟာ ရလဒ်တွေ မကောင်း ဖြစ်နေတဲ့ အပြင် ကျွန်တော်တို့ကလည်း ဒီလို ပြသနာတွေ ရှိနေတာကြောင့် အနိုင်ရဖို့ အတွက် တိုက်ပွဲဝင်ရမယ် ဆိုတာ အစကတည်းက ရှင်းနေပါတယ်။ ကောင်လေးတွေ ဒီလို လုပ်ခဲ့ပါတယ်။ သူတို့ရခဲ့တဲ့ အခွင့်အရေးတွေက ကျွန်တော်တို့ရဲ့ လွယ်လွယ်ကူကူ ဘောလုံး ဆုံးရှုံးမှုတွေကနေ ရခဲ့တဲ့ တန်ပြန်တိုက်စစ် အခွင့်အရေးတွေပဲ ရှိပါတယ်။

ကျွန်တော် ကတော့ ဒီပွဲကို အခြေအနေ ၆ ခု ၇ ခုက ဆုံးဖြတ်သွားတာလို့ ထင်ပါတယ်။ တခုက သူတို့ အသုံးချသွားတဲ့ set-piece ဖြစ်ပြီး အခြား set-piece တွေမှာ ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အမှားပါ။ ဘယ်သူ့ အမှားမှ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM