ဇာဟာ အနေနဲ့ အာဆင်နယ် အသင်းကို ဘာကြောင့် ပြောင်းမကစားသင့်တာလဲဆိုတာ ချက်ကျလက်ကျရှင်းပြလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနားဟောင်း ပေါလ်မာဆင် က ဇာဟာ အနေနဲ့ အာဆင်နယ် အပါအဝင် တခြား အသင်းတွေကို ပြောင်းရွှေ့ ကစားမယ့် အစား ခရစ္စတယ်ပဲလေစ့် အသင်းမှာပဲ ဂန္တဝင် ဖြစ်တဲ့ အထိ ဆက်ကစားသင့်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အိုင်ဗရီကိုစ့် လက်ရွေးစင် ဇာဟာ ဟာ ဒီရာသီမှာ ပဲလေစ့် အတွက် ၉ ပွဲ ကစား ၅ ဂိုးဖန်တီး ပေးထားနိုင်ပါတယ် ။ ဇာဟာ ဟာ လာမယ့် နွေရာသီမှာ လန်ဒန် ကလပ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဒီရာသီဟာ သူ့ရဲ့ ပဲလေစ့် ကစားသမား ဘဝ နောက်ဆုံး ရာသီ ဖြစ်သွားနိုင်ချေ ရှိပါတယ် ။

အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇာဟာ ကတော့ အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အား ထက်သန်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ အာဆင်နယ် အသင်းဟာ အရင်နည်းပြ အူနိုင်း အမ်မရီ လက်ထက်တုန်းက ဇာဟာ ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပေမယ့် ပဲလေစ့် က မတန်တဆ ဈေးခေါ်ခဲ့တာကြောင့် အဆုံးသတ်မှာတော့ ပေပေ ကိုပဲ ခေါ်ယူသွားခဲ့ပါတယ် ။

ပေါလ်မာဆင် ကတော့ ဇာဟာ အတွက် ထိပ်တန်း အသင်း တစ်သင်းကို ပြောင်းတာက ကောင်းမွန်တဲ့ အရာ မဟုတ်ဘူးလို့ ယူဆ နေပါတယ် ။ ” ပဲလေစ့် မှာက သူ ဒီပွဲ ခြေစွမ်း ဆိုးရွားလည်း နောက်ပွဲကျ ပွဲထွက် ကစားခွင့် ရတာပါပဲ ၊ Top 6 မှာဆို အဲ့ဒီလို ရမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော့် အထင် သူ့အနေနဲ့ စာချုပ် သက်တမ်း မကုန်ဆုံးခင် သေချာ စဉ်းစား ဆုံးဖြတ် သင့်ပါတယ် ။ သူ က ပဲလေစ့် ရဲ့ ဂန္တဝင် ကစားသမားလို ဖြစ်နေပါပြီ ၊ မန်နေဂျာ ကလည်း သူ့ကို သဘောကျပါတယ် ၊ အာဆင်နယ် ကလည်း ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်သာရရင် သူ့ကို ခေါ်နိုင်ချေ ရှိပါတယ် ။ ”

” ဒါပေမယ့် အာဆင်နယ် ကိုသာ သွားရင် သိပ်အရေးမပါတဲ့ ကစားသမား ဖြစ်သွား နိုင်ပါတယ် ။ သူက အလွတ် နဲ့ ပြောင်းရမှာပါ ၊ ဒါဝင် နူးနက်ဇ် လို အခြေအနေ မဟုတ်ပါဘူး ၊ နူးနက်ဇ် က ပေါင် သန်း ၈၀ ကျော်လောက် ကုန်ထားသူ ဆိုတော့ ပွဲကစားခွင့် ပေးရမှာပါပဲ ။ ”

” ဇာဟာ သာ အသင်းပြောင်းရင် တစ်ပတ် ကစားရမယ် နောက်တစ်ပတ် အရန်ခုံ ထိုင်ရမယ် ၊ အဲ့လိုမျိုး ဖြစ်နေမှာပါ ၊ အသင်းပြောင်းရင် ဇာဟာ အတွက် အဆင်ပြေပြေ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး ၊ သူက ခုလက်ရှိမှာ ကစားသမားဘဝ အကောင်းဆုံး အချိန်ကို ရောက်နေတာပါ ၊ သူ့အနေနဲ့ သေချာ ခေါင်းအေးအေးထားပြီး သူ့ရဲ့အနာဂတ် ကို စဉ်းစား ဆုံးဖြတ် သင့်ပါတယ် ။ ”

ပဲလေစ့် နည်းပြ ဗီအဲရာ ကတော့ ဇာဟာ နဲ့ ပတ်သက်ပြီး ” စာချုပ် သက်တမ်းကုန်တော့မယ့် ကစားသမားကောင်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်တတ်တာက သဘာဝပါပဲ ။ သူ အသင်းမှာ ဆက်နေချင်ပါ့မလား ဆိုတဲ့ အပေါ် သံသယ မဖြစ်မိပါဘူး ၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အသင်းက ရည်မှန်းချက် ဘယ်လောက် အထိ ကြီးမားသလဲဆိုတာ ပြသဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ဘက်ကတော့ သူ့ကို ဆက်ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ထားပါတယ် ။

SM