ဆိုးရွားလှတဲ့ ကစားပုံနဲ့ ဇယားအောက်ဆုံးက အသင်းကို ထိုက်တန်စွာ ရှုံးနိမ့်ခဲ့တဲ့…နော့တင်ဟမ်ဖောရက်စ် 1-0 လီဗာပူးပွဲစဉ်မှ ထူးထူးခြားခြားပြောစရာများ

လီဗာပူးဟာ သူတို့ရဲ့ ခြေစွမ်းတည်ငြိမ်မှုကို ထိန်းမထားနိုင်ခဲ့ဘဲ ၃ ပွဲဆက်တိုက် နိုင်ပွဲရယူခဲ့ပြီးနောက် ဇယားအောက်ဆုံနေရာက ဖောရက်စ်ကို ၁-၀ နဲ့ အံ့ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးရဲ့ ကစားပုံဟာ ဒီပွဲစဉ်မှာ အတော်လေးဆိုးရွားခဲ့ပြီး အထူးသဖြင့် မန်စီးတီးနဲ့ပွဲစဉ်က အကောင်းဆုံးဆု ရခဲ့တဲ့ ဂျိုးဂိုးမက်ဇ် အဓိက တရားခံ ဖြစ်ခဲ့ကာ ဖောရက်စ် တို့ ရခဲ့တဲ့ သွင်းဂိုးကလည်း ၎င်းရဲ့ အမှားကနေ ဘောလုံးပျက်ခဲ့မှုကို foul လုပ်ခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပြီး အခြား ကစားသမား တစ်ချို့ရဲ့ စွမ်းဆောင်ရည်ကလည်း မေးခွန်းထုတ်စရာ ပါပဲ။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~အသင်းဟောင်းကို ပြန်လည် ဒုက္ခပေးခဲ့တဲ့ အဝိုနီယီ
အဝိုနီယီဟာ လီဗာပူးရဲ့ ကစားသမား ၆ နှစ်ဖြစ်ခဲ့ပေမယ့်လည်း ဒီအသင်းအတွက် တစ်ပွဲမှ မကစားခဲ့ဖူးပါဘူး။ ယူကေဗီဇာ ပြသနာတွေ အပြင် အသင်းမှာ နေရာပေးနိုင်မှု မရှိတာကြောင့် နိုင်ဂျီးရီးယားသားဟာ အငှားတွေ အကြိမ်ကြိမ် ထွက်ကစားခဲ့ရပြီး မနှစ်က အူနီယွမ်ဘာလင်မှာ အထူးခြေစွမ်းပြခဲ့ပြီးနောက် ဒီနွေရာသီမှာ နော့တင်ဟမ်ကို ရောက်လာခဲ့တာပါ။ အဝိုနီယီဟာ ဒီရာသီမှာ သူ့ရဲ့ အရည်အသွေးကို ထင်ရှားစွာ ပြသထားခဲ့ခြင်း မရှိခဲ့ပေမယ့် ၎င်းရဲ့ အကောင်းဆုံး performace ကတော့ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ပွဲစဉ်မှာပဲ ဖြစ်ပါတယ်။

၎င်းဟာ ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ကို ခက်ခဲစေခဲ့တဲ့ အပြင် သွင်းယူခဲ့တဲ့ ဂိုးမှာဆိုရင်လည်း နေရာယူ မှန်ကန်စွာနဲ့ အချိန်ကိုက် ကန်သွင်းနိုင်ခဲ့ပါတယ်။ အဝိုနီယီဟာ အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပေမယ့် ၎င်းရဲ့ အနည်းငယ် အပြုံးကိုတော့ ခွင့်လွှတ်ကြမှာပါ။

၂~ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ လီဗာပူး
ကလော့ဟာ ဒီပွဲစဉ်မတိုင်မီ လူရွေးချယ်မှုပိုင်းမှာ များစွာ ခေါင်းခဲခဲ့ရပြီး တီယာဂို ဂျိုတာ ဒီယက် နူးနက် တို့ဟာ ဒဏ်ရာတွေကြောင့် available မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ပွဲထွက်ကစားဖို့ အတွက် အသင့် မဖြစ်သေးတဲ့ ကာဗယ်ဟို နဲ့ အတွေ့အကြုံ နုနယ်လှတဲ့ ဟာဗေးအယ်လီယော့ တို့ကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ available မဖြစ်ခဲ့တဲ့ ကစားသမားတွေရဲ့ အရေးပါမှုက ကြီးမားလှပြီး လာမည့်ပွဲစဉ်တွေကလည်း လီဗာပူး အတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ လာမည့် နို၀င်ဘာ ၁၂ ရက်နေ့ season break မလုပ်မီ လီဗာပူးဟာ ဒီလူစာရင်းနဲ့ ၆ ပွဲလောက် ကန်ရဦးမှာပါ။

၃~ရှင်းလင်းလှတဲ့ တီယာဂိုရဲ့ အရေးပါမှု
တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြသနာတွေ များနေပေမယ့်လည်း တီယာဂိုရဲ့ အရေးပါမှုကတော့ လျစ်လျူရှုလို့ မရပါဘူး။ ပထမပိုင်းမှာ လီဗာပူးဟာ ပွဲကိုထိန်းချုပ်နိုင်မှု နဲ့ ဖန်တီးမှု စွမ်းရည် လုံး၀ ကင်းမဲ့နေခဲ့ပြီး တီယာဂိုရဲ့ အရည်အသွေးကို အတော်လေး လိုအပ်နေခဲ့ပါတယ်။ ear infection ကြောင့် တီယာဂိုဟာ ဒီပွဲကို လွဲချော်ခဲ့တာ ဖြစ်ပြီး ကလော့ အနေနဲ့ ကာတစ်ဂျုံးလို match fitness ကို အသုံးပြုခဲ့ရပါတယ်။

ဖာဘင်ညိုဟာ ဒီရာသီ သူ့ရဲ့ ထုံးစံအတိုင်းပဲ ခံစစ်ရဲ့ ရှေ့ကနေ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေးနိုင်စွမ်း မရှိဘဲ ဖြစ်နေကာ ဒီကြားထဲမှာ match fitness လုံး၀ မရှိဘဲ လေးလံနေတဲ့ ကာတစ်ဂျုံး နဲ့ အတွေ့အကြုံ တအားနုနယ်သေးတဲ့ အယ်လီယော့ တို့ကို တွဲပေးလိုက်တဲ့ အချိန်မှာတော့ လီဗာပူး ကွင်းလယ်ဟာ အတော်လေးကို ယိုင်နေခဲ့ပြီး အယ်လီယော့ရဲ့ ဖန်တီးမှုတွေကိုပဲ အားကိုးနေရတာကတော့ သိပ်တော့ မဟုတ်လှပါဘူး။ ဂျုံးကို ပွဲထွက်ခွင့်ပေးကာ ဟန်ဒါဆန်ကို အရန်ခုံမှာ ထားခဲ့တဲ့ ကလော့ရဲ့ ဆုံးဖြတ်ချက် ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပြီး မိနစ် ၆၀ လောက်ထိ လီဗာပူးရဲ့ ကစားဟန်ဟာ တကယ့်ကို ကသမ်းကရမ်း နိုင်လှပါတယ်။

၄~နော့တင်ဟမ်အတွက် ကြီးမားတဲ့ရလဒ်
ဒီပွဲစဉ်မတိုင်မီ နော့တင်ဟမ်ဟာ ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး နည်းပြ ကူးပါးကလည်း ဂျာရတ်ရဲ့နောက်ကို လိုက်သွားရမယ့် နည်းပြ အဖြစ် ရေပန်းစားနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ် တာ၀န်ရှိသူတွေဟာ သူတို့ရဲ့လူကို ဆက်လက်ထောက်ခံထားဆဲ ဖြစ်ပြီး ဒါဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဖောရက်စ် အနေနဲ့ လီဗာပူးကို အနိုင်ရရှိဖို့ အတွက် ကံတရားရဲ့ ဖေးမမှု တစ်ချို့ လိုအပ်ခဲ့သလို ဒီပွဲစဉ်က ကူးပါးရဲ့ဗျူဟာ လူစားလဲမှုတွေ အားလုံးက မှန်ကန်မှု ရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ တန်းမဆင်းရဖို့ အတွက် ကြိုးစားတဲ့နေရာမှာ နော့တင်ဟမ် အတွက် ကြီးမားတဲ့ အားဆေးတစ်ခွက်ပါပဲ။

၅~အလုပ်မဖြစ်တဲ့ ကစားကွက်
ကလော့ဟာ ဒီပွဲမှာ ၄-၄-၂ နဲ့ ကစားသွားခဲ့ပြီး ဂျုံးကို သူနဲ့ သိပ်ပြီး အကျွမ်းတ၀င် မရှိတဲ့ ကွင်းလယ်ဗဟိုမှာ ထားကစားသွားခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ သိပ်ပြီး မဟုတ်လှပါဘူး။ ဂျုံးရဲ့ ကစားဟန်ဟာ သက်တောင့်သက်သာ ဖြစ်မနေဘဲ ဖာမီနို နဲ့ ဆာလား တို့ကလည်း တိုက်စစ်မှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ဖာမီနိုဟာ အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ကာ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးရဲ့ ဒီပွဲစဉ်မှာ အခွင့်အရေး ဖန်တီးနိုင်မှု အားနည်းခဲ့ပါတယ်။

ဆာလားကို မန်စီးတီးနဲ့ ပွဲစဉ်ကလိုမျိုး ကစားခိုင်းသင့်ပေမယ့်လည်း အီဂျစ်စတားဟာ ဘယ်ခြမ်း တိုက်စစ်မှာ တစ်ဦးတည်း တိုက်စစ်ဆင်နေရပြီး ၎င်းနဲ့ တွဲဖက်ကာ ထိုးဖောက်မယ့်သူ မရှိ ဖြစ်နေခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ကလော့ရဲ့ အရင် ကစားကွက် ဖြစ်တဲ့ ၄-၃-၃ နဲ့ ကိုက်ညီမယ့် ပွဲစဉ် ဖြစ်ပေမယ့်လည်း လီဗာပူးတို့ ဒါနဲ့ မကစားခဲ့ပါဘူး။

SM