စတမ်းဖိုဒ့် ဘရစ် စီးချင်းထိုးပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ၅ ယောက်

ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာမှာပါ ။

ယူနိုက်တက် ကတော့ အဆင့် ၇ အတွင်းက အသင်းတွေနဲ့ ၃ ပွဲဆက်တိုက် ကစားရတာလည်း ဖြစ်လာခဲ့ ပါတယ် ။

ဒီပွဲဟာ ၂ သင်းစလုံးရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ အတွက် အရေးပါပြီး နောက်က ကပ်လိုက်နေတဲ့ နယူးကာဆယ် ၊ လီဗာပူး တို့ကလည်း ကျော်တက်နိုင်မယ့် အခွင့်အရေးကို စောင့်စားနေကြပါတယ် ။

ချဲလ်ဆီး ဟာ နည်းပြ အပြောင်းအလဲ လုပ်အပြီးမှာ ရလဒ်တွေ တည်ငြိမ်နေပြီး ပြိုင်ပွဲစုံမှာ လုံး၀ မရှုံးနိမ့် ထားပါဘူး ။

မန်ယူနိုက်တက် ဟာလည်း အဲရစ် တန်ဟတ် လိုချင်တဲ့ ပုံစံကို တဖြည်းဖြည်း ကစားလာနိုင်ပြီး အောက်တိုဘာ ထဲမှာ မန်စီးတီး တသင်းတည်းကိုသာ ရှုံးနိမ့် ထားခဲ့ ပါတယ် ။

ဒီနေ့ပွဲမှာ စောင့်ကြည့်သင့်တဲ့ ၊ ပွဲရလဒ် အပေါ် သက်ရောက်မှု ကြီးကြီးမားမား လုပ်ပြနိုင်တဲ့ ကစားသမား ၅ ယောက်ကို ဖော်ပြပေးလိုက်ပါတယ် ။

၅ ။ မေဆင်မောင့် ( ချဲလ်ဆီး )

ဂရေဟမ် ပေါ်တာ လက်ထဲမှာ အတောက်ပဆုံး ချဲလ်ဆီး ကစားသမား ကတော့ မေဆင် မောင့် ပဲ ဖြစ်မှာပါ ။

နည်းပြ အပြောင်းအလဲ လုပ်အပြီးမှာ တောက်လျောက် ပုံစံကောင်းတွေပြ ၊ ဂိုးတွေ သွင်းနေတဲ့ မောင့် ဟာ ဒီပွဲမှာ ယူနိုက်တက် ခံစစ်ကြောင်းကို အဓိက ခြိမ်းခြောက်မယ့် အပြာရောင် တပ်သား ဖြစ်လာမှာပါ ။

လမ်းပတ် ရဲ့ ဂိုးသွင်း စံချိန်တခုကို မကြာသေးခင်ကမှ လိုက်မီ ထားတဲ့ မေဆင်မောင့် အနေနဲ့ ဒီညမှာ ဘယ်လောက်ထိ တောက်ပ နိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ပါပဲ ။

၄ ။ ဘရူနို ဖာနန်ဒက်စ် ( မန်ယူနိုက်တက် )

ဖာနန်ဒက်စ် တယောက် ပြီးခဲ့တဲ့ စပါး နဲ့ ပွဲမှာ ဂိုးပြန်သွင်းပြီး သူ့ရဲ့ ဂိုးပေါက် ပျောက်မှုကို အဆုံးသတ် ခဲ့ပါတယ် ။ ပေါ်တူဂီသားဟာ ဒီရာသီမှာ သွင်းဂိုး နဲ့ ဖန်တီးမှု အပိုင်းမှာ အားရစရာ မရှိသေးပေမယ့် တန်ဟတ် ရဲ့ အသင်းမှာတော့ လုပ်အားနှုန်း ကောင်းသူ တယောက် အဖြစ် ရှိနေခဲ့ပါတယ် ။

၃ ။ အန်တိုနီ ( မန်ယူနိုက်တက် )

ဒီရာသီကမှ ယူနိုက်တက် ကို ရောက်လာတဲ့ အန်တိုနီ ဟာ အသင်းရဲ့ ညာတောင်ပံမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိလာခဲ့ ပါတယ် ။ အသင်းသစ်နဲ့ စကစားရတဲ့ပွဲမှာ ဂိုးစသွင်းပြီး ၃ ပွဲဆက်တိုက် ဂိုးရယူ နိုင်ခဲ့တဲ့ ဘရာဇီးသား ဟာ စပါးနဲ့ ပွဲမှာလည်း အတွင်းချိုးဝင် ကန်ချက်တွေနဲ့ ဟူဂိုလိုရစ် ကို အလုပ်ပေးနိုင်ခဲ့ ပါတယ် ။

ဒီတပွဲမှာရော အန်တိုနီ ဘယ်လို ကခုန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ ။

၂ ။ ကီပါ အရစ်ဇာဘလာဟာ ( ချဲလ်ဆီး )

ပေါ်တာ လက်ထက် ချဲလ်ဆီး အကြောင်း ပြောမယ်ဆိုရင် စပိန်ဂိုးသမားလေး ကီပါ ရဲ့ အကြောင်းကို ချန်လှပ် ထားလို့ လုံး၀ မရပါဘူး ။

အခု နောက်ပိုင်းပွဲတွေမှာ ချဲလ်ဆီး ကို ဂိုးမပေးရအောင် အဓိက စွမ်းဆောင်ခဲ့သူ ၊ အားလုံးက အံ့အားသင့် လောက်အောင် လက်စွမ်းတွေ ပြနေသူကတော့ ကီပါ ပါပဲ ။ ချဲလ်ဆီး ဂိုးပေါက်ကို အကြိမ်ကြိမ် ပုတ်ထုတ်ကာကွယ် နေတာဟာ ရှောင်လင်ဘောလုံးကား ( Shaolin Soccer movie ) ထဲက ဂိုးသမား အလားတောင် ထင်မှတ်ရတဲ့ အထိ ဖြစ်ခဲ့တာပါ ။ ဘရန့်ဖိုဒ့် နဲ့ ပွဲအပြီးမှာ ချဲလ်ဆီး အတွက် Clean sheet ပွဲ ၅၀ ပြည့်ခဲ့တဲ့ ကီပါ တယောက် ဒီညမှာ ၅၁ ပွဲ ဖြစ်အောင် စွမ်းဆောင်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

၁ ။ မားကပ် ရက်ဖိုဒ့် ( မန်ချက်စတာ ယူနိုက်တက် )

အန်တိုနီ မာစီရယ် ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ မပါဖို့ သေချာနေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ကို ဦးဆောင်လာမယ့် သူက တယောက်ပဲ ရှိပါတော့တယ် ။ အဲ့ဒိလူက မားကပ် ရက်ဖိုဒ့် ပါပဲ ။

ဒီရာသီ မှာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီး ၃ ဂိုးသွင်း ၂ ဂိုး ဖန်တီးထားတဲ့ ရက်ဖိုဒ့် ဟာ သူ့ရဲ့ လျှင်မြန်မှု ၊ အားပါတဲ့ ကန်ချက်တွေ နဲ့ ပြိုင်ဘက် ဂိုးသမား နဲ့ ခံစစ်တွေကို ခြိမ်းခြောက် ထားနိုင်သူပါ ။

စပါး နဲ့ ပွဲတုန်းကလည်း လိုရစ် လက်စွမ်းပြခဲ့လို့သာ ရက်ဖိုဒ့် ရဲ့ ကန်ချက်တွေကို ဂိုးမဖြစ်စေခဲ့တာပါ ။

ချဲလ်ဆီး နဲ့ ဆိုရင် ပုံစံကောင်း ရတဲ့သူ တယောက်လည်း ဖြစ်ပါတယ် ။ ဒီညမှာတော့ MBE ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာပါ ။

 

SPORTS MYANMAR