ဂိုးမက်ဇ်နဲ့ အခြား‌ ၄ ဦး ခြေစွမ်းဆိုးရွားခဲ့တဲ့..ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ လီဗာပူး ကစားသမားတွေရဲ့ rating များ

လီဗာပူးဟာ မနေ့က တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ နော့တင်ဟမ်ဖောရက်စ်ကို ဆိုးဆိုးရွားရွား ကစားကာ အခွင့်အရေးကောင်း တစ်ချို့ကိုလည်း ဖြုန်းတီးခဲ့ပြီး City Ground မှာ 1-0 နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူး ကစားသမား အနည်းငယ်သာ အပြောအ‌ဆို လွတ်မှာ ဖြစ်ကာ ဂိုးမက်ဇ်ကတော့ ဒီရာသီ သူ့ရဲ့ နောက်ထပ် ဆိုးရွားတဲ့ performance ကို ထပ်မံပြသခဲ့ပါတယ်။

အလီဆွန် – 7
ပထမပိုင်းမှာ ဖောရက်စ်တို့ တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့တဲ့ ကန်သွင်းမှု တစ်ချို့ကို အခက်အခဲ မရှိ ကာကွယ်နိုင်ခဲ့ပါတယ်။ ဖောရက်စ်ရဲ့ သွင်းဂိုးမှာတော့ ဘရာဇီးဂိုးသမား အနေနဲ့ ဘာအခွင့်အရေးမှ မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဂျွန်ဆင် နဲ့ ယိတ် တို့ရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

မီနာ – 6
ညာခြမ်းကနေ တိုက်စစ်ကို လိုက်ပါကာ အမြဲတမ်း available ဖြစ်အောင် လုပ်ပေးခဲ့ပြီး overlap ကို အယ်လီယောနဲ့အတူ ကောင်းကောင်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ အချိန်တွေမှာ ဘောလုံးပေးရန် နှေးနေခဲ့ပါတယ်။ လုပ်အားကောင်းကောင်းနဲ့ ကစားသွားခဲ့ပြီး ဂစ်ဝိုက်ရဲ့ ကန်ချက်ကို အကောင်းဆုံး block လုပ်ခဲ့ကာ လီဗာပူးတို့ 2-0 နဲ့ အရေးနိမ့်မယ့် အရေးကို ကာကွယ်ခဲ့ပါတယ်။

ဂိုးမက်ဇ် – 3
မန်စီးတီးနဲ့ပွဲက ‌ခြေစွမ်းဟာ တစ်ပွဲထိုးပဲ ဆိုတယ သက်သေပြခဲ့ပြီး ဝက်ဟမ်းနဲ့ပွဲမှာ ပင်နယ်တီ ပေးခဲ့သလို ဒီပွဲမှာလည်း အစကတည်းက ပြာနေကာ ဘောလုံးပေးမှုတွေ အကြိမ်ကြိမ်မှားခဲ့ပြီး ပြိုင်ဘက်ကို တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ‌‌တိုးတက်လာမှု မရှိဘဲ ၎င်းရဲ့ ဆိုးရွားတဲ့ ဘောလုံးပျက်မှုကနေတဆင့် foul ပေးခဲ့ရကာ ဖောရက်စ်ဟာ ဒီ set-piece ကနေ တဆင့် ဂိုးရသွားခဲ့ပါတယ်။ အဓိကနောက်ခံလူတွေ ပြန်လာရင်တော့ ချောင်ထိုးခံရအုံးမှာပါ။

‌ဗန်ဒိုက် – 6
ခံစစ်ပိုင်းမှာ မာကျောကာ တစ်ချို့ အချိန်တွေမှာ ကွင်းလယ်ထိ တက်ထောက်ခဲ့ပြီး ထောင့်ဖြတ်ဘောတွေလည်း ကောင်းခဲ့ပါတယ်။ ကိုယ်တိုင်ခေါင်းတိုက် သွင်းယူရမယ့် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးကို လူပေးဖို့ ကြိုးစားကာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဒီလို အခွင့်အရေးကို လူပေးဖို့ ထပ်ကြိုးစားခဲ့ပြီး များသွားခဲ့ပါတယ်။ ၎င်းရဲ့ ခေါင်းတိုက်မှုတစ်ကြိမ်ကိုလည်း ဟန်ဒါဆန် လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ရောဘတ်ဆန် – 6
နေရာကောင်းတွေမှာ ဘောလုံးတွေ ရခဲ့ပေမယ့်လည်း အကြိမ်တော်တော်များများ အတွင်းကို ချိုးပေးမှုနဲ့ နောက်ပြန်ပေးမှုတွေသာ များနေပြီး ပထမပိုင်းက ဂျုံးကို ထိုးပေးခဲ့တဲ့ တစ်ကြိမ်သာ တိုက်စစ်အတွက် ကောင်းမွန်တဲ့ အကျိုးပြုမှု ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပါပဲ။

ဖာဘင်ညို – 4
ဗဟိုနောက်ခံလူတွေကို ကာဗာ လုပ်ပေးတဲ့ နေရာမှာ အကြိမ်တော်တော်များများ လေးလံ နှေးကွေးနေခဲ့ပြီး ပြိုင်ဘက် တိုက်စစ်လမ်းကြောင်းကို ကြိုတင်တားဆီး ဖျက်ထုတ်မှုတွေကို မမြင်ရပါဘူး။ ဒုတိယပိုင်းမှာလည်း အသင်းအတွက် ထူးထူးခြားခြား လုပ်ပြခဲ့တာ မရှိဘဲ ဘောလုံးပျက်မှုတွေသာ မြင်ခဲ့ရပါတယ်။ အရင်တုန်းက ဖာဘင်ညိုနဲ့ တခြားစီပါပဲ။

ကာတစ်ဂျုံး – 6
တီယာဂိုနဲ့ ဒဏ်ရာကြောင့် ကာတစ်ဂျုံးဟာ ကွင်းလယ်ဗဟိုမှာ အရေးပေါ် ဝင်ကစားခဲ့ရပါတယ်။ လုံလောက်တဲ့ ကောင်းမွန်မှု ရှိပေမယ့်လည်း အဆိုပါ နေရာနဲ့ အသားတကျ ဖြစ်နေခြင်း မရှိတဲ့အပြင် တစ်ချို့ အချိန်တွေမှာ ဘောလုံးကို ကိုင်ကစားမှုတွေ ကြာလွန်းနေခဲ့ပါတယ်။ ကာဗယ်ဟို ထွက်သွားချိန်မှာ ဘယ်တောင်ပံကို ဝင်ကစားခဲ့ရပါတယ်။

အယ်လီယော့ – 7
ကာဗယ်ဟိုရဲ့ အစောပိုင်း အခွင့်အရေး အတွက် အကောင်းဆုံး ပေးပို့မှုကို လုပ်ပေးခဲ့ရပြီး လီဗာပူးရဲ့ အဓိက တိုက်စစ် လမ်းကြောင်း အဖြစ် ကြိုးစား ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကောင်းမွန်တဲ့ အားထုတ်မှု လုပ်နိုင်ခဲ့ပြီး ဟန်ဒါဆန်က လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ခြေစွမ်း အားရစရာရှိတဲ့သူ အနည်းငယ်ထဲမှာ ပါဝင်ခဲ့ပါတယ်။

ဖာမီနို – 4
ထောင့်ကန်ဘောကနေ အပိုင်ခေါင်းတိုက်ခွင့် တစ်ချို့ ရခဲ့ပေမယ့် ကောင်းစွာ အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်း မပြီးခင်အထိ ပွဲအတွင်းမှာ ပါဝင်နိုင်မှု မရှိသလောက် ဖြစ်ပြီး တိုက်စစ်မှာ သာမန် pass တွေနဲ့ ဘောလုံး အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ pressing လုပ်မှု တစ်ချို့ ကောင်းခဲ့ပေမယ့် တိုက်စစ်မှာတော့ တအားကို ပျောက်နေခဲ့ပါတယ်။ လူစားလဲ ခံခဲ့ရပါတယ်။

ကာဗယ်ဟို – 4
အစောပိ်ုင်းမှာ ဟာဗေးအယ်လီယော့ရဲ့ ဖန်တီးမှုကို ကောင်းစွာ ထိန်းချုပ်ကာ ကန်သွင်းယူခဲ့ပေမယ့် ဟန်ဒါဆန်က ကာကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ခြမ်း တိုက်စစ်မှာ ဘာတစ်ခုမှ မလုပ်ပြနိုင်ခဲ့ဘဲ သာမန် pass တွေလောက်ပဲ လုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် အဆင်သင့် မဖြစ်သေးဘူးဆိုတာ ပြသခဲ့ပါတယ်။ ပွဲအပေါ် သက်ရောက်မှု နည်းပါးလှတာကြောင့် လူစားလဲခံခဲ့ရပါတယ်။

ဆာလား – 4
ပထမပိုင်းမှာ ကန်သွင်းမှု တစ်ကြိမ် ရခဲ့ပြီး လူထိကာ ဂိုးဘေးကနေ ထွက်သွားခဲ့ပါတယ်။ ကွင်းလယ်ပိုင်းက လုံလောက်တဲ့ service မပေးနိုင်တာကြောင့် တိုက်စစ်မှာ ပျောက်နေခဲ့သလို အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားရမှာလည်း မကောင်းခဲ့ပါဘူး။ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့် အသင်းဖော်တွေကို ထိုးပေးရမယ့် အစား ကိုယ်တိုင် ဂိုးသွင်းယူဖို့ အတွက်ပဲ ဆန္ဒတွေ စောနေခဲ့တာကြောင့် လီဗာပူးတို့ နစ်နာခဲ့ပါတယ်။

လူစားဝင်
အလက်ဇန်းဒါးအာနိုး – 6
ဟန်ဒါဆန် – 6
ချိန်ဘာလိန် – 5

SM