ချဲလ်ဆီးနဲ့ မရင်ဆိုင်မီ တမ်ဟဂ် ရော်နယ်ဒိုကို ချန်လှပ်ခဲ့ခြင်း အပေါ် တုန့်ပြန်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

ယနေ့ည နှောင်းပိုင်းမှာ ပရီးမီးယားလိဂ် Big Match အဖြစ် အဆင့် ၄နဲ့ ၅ နေရာက ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားကြဖို့ ရှိပါတယ် ။ ဒီ ၂သင်း အကြား ရမှတ် တမှတ်သာ ကွာခြားမှု ရှိတာကြောင့် ပိုပြီး အကြိတ်အနယ် ဖြစ်လာမှာ သေချာပါတယ် ။

တမြန်နေ့ကပဲ မန်ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တမ်ဟဂ် ဟာ ယနေ့ည ချဲလ်ဆီးနဲ့ ပွဲအတွက် ကစားသမား စာရင်းမှာ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုကို ချန်လှပ်ကြောင်း statement နဲ့ တကွ ကြေညာချက် ထုတ်ခဲ့ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ တမ်ဟဂ် က ရော်နယ်ဒိုဟာ တော့တင်ဟမ်ကို ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲမပြီးခင် ကွင်းတွင်းကနေ ရိုင်းပြစွာ ထွက်ခွာခဲ့ခြင်း အတွက် စည်းကမ်းပိုင်းအရ ဒဏ်ခတ်ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

ရော်နယ်ဒိုကတော့ ကစားသမား စာရင်းက ချန်လှပ်ခံခဲ့ရပေမယ့် ၊ အသင်းနဲ့ တသားတည်း ရှိတဲ့ အကြောင်းတော့ ကိုယ်ပိုင် အင်စတာဂရမ်အကောင့်ကနေ တဆင့် တုန့်ပြန်ခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စဟာ မနက်ဖြန် ကစားမယ့် မန်ယူနိုက်တက်ရဲ့ ခြေစွမ်း အပေါ် အနည်းနဲ့ အများ သက်ရောက်မှုတော့ ရှိလာနိုင်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာ က သူ ဘာမှ သေသေချာချာ မသိရတဲ့ ရော်နယ်ဒို ချန်လှပ်ခံရတဲ့ ကိစ္စ အပေါ် တစုံတခု မှတ်ချက် မပေးလိုကြောင်း တုန့်ပြန်ရင်း ၊ နည်းပြ တယောက်ရဲ့ အလုပ် ဖြစ်တယ်လို့ တမ်ဟဂ်ဖက်က ကာကွယ်ခဲ့ပါတယ် ။

ပေါ်တာ က ” ဒီအကြောင်း ဘာမှ အတွင်းကျကျ မသိရတဲ့ အတွက် ကျွန်တော့ဖက်က ဘာမှတ်ချက်မှ မပေးနိုင်ပါဘူး ။ ဒါပေမယ့် သူဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက် အပေါ်မှာ အပြည့်အဝ ရပ်တည်ထားပါတယ် ။ တခါတလေမှာ ခင်ဗျား ဒါမျိုး လုပ်သင့်ရင် လုပ်ရပါမယ် ။ ”

” နောက်ပြီး ဒီလို ဆုံးဖြတ်ချက်မျိုး အတွက် ခင်ဗျားဟာ ကလပ်ရဲ့ ထောက်ခံမှုလည်း လိုပါတယ် ။ အပြင်က လူတယောက်ရဲ့ အမြင်ကတော့ ဒီလောက်ပါပဲ ။ ဒီအကြောင်း မှတ်ချက် ပေးပြီး သတင်းခေါင်းကြီးပိုင်းတွေမှာလည်း ကျွန်တော် မပါချင်ပါဘူး ။ ”

” နည်းပြ အလုပ်ရဲ့ တစိတ်တပိုင်းမှာ ဒီလို ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချတာမျိုး ပါဝင်ပါတယ် ။ ဒါက ပုံမှန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပေါ်တာ က ၂လသာ ခြားပြီး မန်ယူနိုက်တက်နဲ့ ထပ်မံ ရင်ဆိုင်ရမယ့် အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” မန်ယူနိုက်တက်ကို ထိုးနှက်ဖို့ လုပ်ကွက် တခုခု ရှာတွေ့ထားလား ? No ပါ ။ ဒါဟာ ဘောလုံးပွဲ တပွဲ ဖြစ်ပြီး ၊ ပွဲချဉ်းကပ်ပုံ က တပြေးတည်း ဖြစ်နေမှာပါ ။ ခင်ဗျားဟာ ပြိုင်ဖက် အသင်းရဲ့ ကစားကွက်ကို လေ့လာ သုံးသပ်ပြီး ၊ ကိုယ့်အသင်း ကစားနိုင်မယ့် ပုံစံ တခုကို စဉ်းစား ရွေးချယ်ရပါမယ် ။ ”

” ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ ယူနိုက်တက်ပါပဲ ။ သူတို့မှာ ထိပ်တန်း အဆင့် ကစားသမားတွေ ရှိပြီး ၊ အတုယူ အားကျဖွယ်ရာ ကလပ် တသင်း အဖြစ် ကြီးထွားလာတာကို အားလုံးလည်း မြင်တွေ့ကြမှာပါ ။ ”

” ဒါဟာ ခက်ခဲ့တဲ့ပွဲ ၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတပွဲ ၊ အံ့သြဖွယ် ပွဲတပွဲ ဖြစ်ပါတယ် ။ ဒီပွဲကို ကစားဖို့ ကျွန်တော်တို့ မျှော်လင့် စောင့်စားနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR