ချဲလ်ဆီးကို ဒုက္ခပေးနိုင်တဲ့ မန်ယူနိုက်တက် ကြယ်ပွင့် ၄ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ၄င်းတို့နဲ့ ရမှတ် တမှတ်သာ ကွာတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံ ကစားသွားဖို့ ရှိပါတယ် ။ ၂သင်းလုံးဟာ လတ်တလော လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတဲ့ အသင်းတွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကြီးပွဲကောင်း တပွဲ ဖြစ်လာဖို့ ခန့်မှန်းရပါတယ် ။

လွန်ခဲ့တဲ့ တလခန့်ကမှ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ ဂရေဟမ် ပေါ်တာ အတွက်တော့ ဒါဟာ ဒီရာသီ မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ဒုတိယမြောက် ပွဲလည်း ဖြစ်ပါတယ် ။ ပေါ်တာဟာ ဘရိုက်တန် အသင်းကို ကိုင်တွယ်ခဲ့စဉ်က ယခုနှစ် ရာသီ အဖွင့်ပွဲမှာ မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ထိုအဖွင့်ပွဲမှာ ပေါ်တာ ကိုင်တွယ်ခဲ့တဲ့ ဘရိုက်တန်က ခြေစွမ်း အသာစီးနဲ့ အိမ်ရှင် မန်ယူနိုက်တက်ကို ၁ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ လက်ရှိ သူ ကိုင်တွယ်နေတဲ့ ချဲလ်ဆီးဟာလည်း သူ့လက်ထက်မှာ ရှုံးပွဲ မရှိသေးပဲ ၊ နောက်ဆုံး ၅ပွဲဆက်တိုက် Clean Sheet ရယူထားပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ကြားရက်က ပရီးမီးယားလိဂ်ပွဲတွေမှာတော့ ချဲလ်ဆီးဟာ ဘရန်းဖို့ဒ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ မန်ယူနိုက်တက်ကတော့ တော့တင်ဟမ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၂ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာ က လက်ရှိ မန်ယူနိုက်တက်ဟာ ရာသီအစ သူ ရင်ဆိုင်ခဲ့ရတဲ့ အသင်းမျိုး မဟုတ်တော့ကြောင်း ချီးကျူးရင်း ၊ ရက်ရ်ှဖို့ဒ် ၊ ဆန်ချို ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ အန်တိုနီတို့ဟာ ၄င်းတို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော်ဟာ တမ်ဟဂ် အပေါ်မှာ လေးစားမှု အများကြီး ထားပါတယ် ။ အထူးသဖြင့် သူ့ရဲ့ နည်းပြ ဘဝ တလျှောက် လုပ်ဆောင်ပြခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီးပေါ့ ။ သူတို့ဟာ ဒီပြိုင်ပွဲမှာ ပြိုင်ဖက်တွေ အပေါ် မူတည်ပြီး လိုက်လျောညီထွေ ဖြစ်အောင် စွမ်းဆောင်ပြနိုင်တာကို ခင်ဗျားတို့လည်း တွေ့မြင်ရမှာပါ ။ ”

” သူတို့ရဲ့ ရာသီ အဖွင့်က မလှပခဲ့တာ အားလုံးလည်း သိကြပါတယ် ။ ဒါပေမယ့် သူတို့ ပြန်ပြီး တိုက်ပွဲဝင်ခဲ့ပါတယ် ။ အမှတ်တွေ ပြန်ရလာတယ် ၊ ကစားပုံ ကောင်းလာခဲ့ပါတယ် ။ ဒီတော့ ဒါက ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာမှာပါ ။ ရာသီအစနဲ့ အခု သူတို့ရဲ့ လက်ရှိ အနေအထား အကြား ဘာတွေ ကွာခြားလဲ ? ကစားပုံ တည်ဆောက်တဲ့ အပိုင်း နည်းနည်းပါးပါး ပြောင်းလဲလာပါတယ် ။ ”

” တိုက်စစ် ကစားတဲ့ နေရာမှာ ပိုပြီး တိုက်ရိုက်ကျလာပါတယ် ။ တချိန်တည်းမှာ သူတို့မှာ တူညီတဲ့ အရည်အသွေးတွေ ရှိပါတယ် ။ မားကပ်စ် ရက်ရ်ှဖို့ဒ် ၊ အန်တိုနီ ၊ ဂျေဒင် ဆန်ချို ၊ ဘရူနို ဖာနန်ဒက်စ်တို့က သူတို့ အတွက် အဓိကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ပေးနေပြီး ၊ ပြိုင်ဖက်တွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါတယ် ။ ”

” ဒီတော့ တူညီတဲ့ အချက် များစွာ ရှိပေမယ့် သူတို့ဟာ ဒီပြိုင်ပွဲမှာ ပိုပြီး အသားကျလာပုံ ပေါ်ပါတယ် ။ တယောက် အကြောင်း တယောက် ပိုပြီး နားလည်လာကြပါတယ် ။ ဒါက ပုံမှန် တိုးတက်မှု ဖြစ်စဉ် တရပ်ပါပဲ ။ ရာသီ အဖွင့်ပွဲမှာ ကျွန်တော်က ဘရိုက်တန်နဲ့ ၃နှစ်ကြာ အတူ ဖြတ်သန်းပြီးတဲ့အချိန် ၊ အဲရစ်က မန်ချက်စတာ ယူနိုက်တက်မှာ ၆ပတ်ပဲ ရှိခဲ့ပါတယ် ။ ”

” ဒီတော့ အခုလို အနေအထား အထိ ရောက်လာဖို့ ခင်ဗျား အနေနဲ့ အများကြီး သင်ယူ လေ့လာခဲ့ရပြီး ၊ အခက်အခဲ အမျိုးမျိုး ကျော်ဖြတ်ထားရပါတယ် ။ သူ့မှာ ပင်ကို အရည်အချင်းကောင်းတွေ ရှိပြီးသားပါ ။ ဒီတော့ အချိန် ကြာလာတာနဲ့ အမျှ သူ ကိုင်တွယ်တဲ့ အသင်းက ပိုပိုပြီး ကောင်းလာဖို့ပဲ ရှိပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR