Super League အကြောင်း စကားပြန်စလာတဲ့ ချဲလ်ဆီး ပိုင်ရှင် အဂ်ဘာလီ

လွန်ခဲ့တဲ့ တနှစ်ခွဲက အင်အားကြီး အသင်းတွေ ပါဝင်တဲ့ ဥရောပ စူပါလိဂ် ထွက်ပေါ်ခဲ့ပေမယ့် ၊ ဥရောပနဲ့ ကမ္ဘာ တလွှားက ဘောလုံးချစ် ပရိသတ်တွေ ဝိုင်းဝန်းကန့်ကွက်ခဲ့တာကြောင့် ၊ ထိုအစီအစဉ် ပျက်ပြယ်ခဲ့ပါတယ် ။

လတ်တလောမှာလည်း လာလီဂါ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ဒီစူပါလိဂ် အိုင်ဒီယာနဲ့ ပတ်သက်ပြီး လက်မလျှော့သေးတာကို မီဒီယာ အချို့က ဖော်ပြထားကြပါတယ် ။ စူပါလိဂ်ရဲ့ အဓိက ရည်ရွယ်ချက် က အင်အားကြီး ကလပ်တွေ ဝင်ငွေ ဒီထက် ပိုများစေဖို့ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ လမှာ ချဲလ်ဆီး ပိုင်ရှင်သစ် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီ ဟာ ပရီးမီးယားလိဂ်ထံသို့ အမေရိကန်မှ ဘေ့စ်ဘော ၊ ဘတ်စ်ကတ်ဘော ၊ NFL တို့လို All Star အသင်းတွေ တည်ထောင်ဖို့ အကြံပြုခဲ့ပြီး ၊ ၄င်းဟာလည်း စီးပွားရေး ဘယ်လို ချဲ့ထွင်ရမလဲ ဆိုတာ တွေးထားတဲ့ ပိုင်ရှင် တဦး ဖြစ်ပါတယ် ။

ဒီ အိုင်ဒီယာ အပေါ် အင်္ဂလန်နဲ့ ပရီးမီးယားလိဂ် ပရိသတ် အများအပြား က ရှုံ့ချခဲ့ကြပြီး ၊ ဘောလုံးသမားဟောင်း အချို့ကလည်း ရှေးရိုး လုံးဝ မရှိခဲ့တဲ့ All Star အသင်း ဖွဲ့စည်းဖို့ တောင်းဆိုတဲ့ တော့ဒ်ဘိုလီရဲ့ မှတ်ချက် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ် ။

အခုတခါမှာလည်း တော့ဒ်ဘိုလီနဲ့ အတူ ချဲလ်ဆီးမှာ အဓိက ရှယ်ယာရှင် တဦး အနေနဲ့ ပါဝင်ထားတဲ့ ဘာဒက် အဂ်ဘာလီဟာ စူပါလိဂ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တရပ်ကို နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကွန်းဖရန့် တခုမှာ အခုလို အကြံပြုခဲ့ပါတယ် ။

အဂ်ဘာလီ က ” အားကစားလောက ဟာ အရည်အသွေးမြင့်မားတဲ့ ပရီမီယမ် အဆင့် ပွဲတွေ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီနေရာမှာ စူပါလိဂ် ဖြစ်ရမယ်လို့ မဆိုလိုပါဘူး ။ ပြီးခဲ့တဲ့ ကွန်းဖရန့် တခုမှာ တော့ဒ်က ပရီးမီးယားလိဂ်မှာ All Star ပွဲမျိုး ရှိသင့်ကြောင်း အကြံပြုခဲ့ပါတယ် ။ ”

” ဘေ့စ်ဘောမှာ အရည်အသွေး အကောင်းဆုံး ကစားသမားတွေ စုစည်းထားတဲ့ ပြိုင်ပွဲမျိုး ၊ Draft ပုံစံမျိုး ၊ ညွန့်ပေါင်း အသင်းမျိုးတွေကနေ နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ၊ ၃၀၀ အထိ ရှာနိုင်ပါတယ် ။ ပရီးမီးယားလိဂ်မှာ ဒါမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ။ ”

” ပရီးမီးယားလိဂ် အကောင်းဆုံး ညွန့်ပေါင်း အသင်းနဲ့ စီးရီးအေ အကောင်းဆုံး ညွန့်ပေါင်း အသင်း ပြိုင်ဆိုင်တာမျိုး ရှိလို့ မရဘူးလား ? ရာသီကြို ခြေစမ်းပွဲကာလတွေမှာ လက်ရှိ အနေအထားထက် ပိုကောင်းတဲ့ အရည်အသွေးမြင့် ခြေစမ်းပွဲတွေ ဖန်တီးလို့ မရပါဘူးလား ? ခင်ဗျားတို့ ဒါမျိုးတွေ လုပ်နိုင်ပါတယ် ။ ”

” ဖွဲ့စည်း တည်ဆောက်ပုံ အရ ဒါမျိုးက ဘယ်လောက်ထိ ဖြစ်ကတတ်ဆန်းနိုင်တယ်လို့ပဲ ပြောပြော ၊ တယောက်မှ ဒီလို ပြိုင်ပွဲမျိုး အတွက် ခံစားချက် မရှိကြဘူးလား ? စပိန်က အင်အားကြီး ကလပ် ၂သင်းကတော့ ဒီအတွက် သူတို့ ဆန္ဒကို ထုတ်ဖော်ထားကြပြီးပါပြီ ။ ဒါပေမယ့် လူတွေက ဒီစူပါလိဂ် ဆိုတဲ့ နာမည်ဆီ ပြန်မသွားချင်ကြပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR