PSV နဲ့ ပွဲမှာ ဂတ်ပို ခြေစွမ်းမပြနိုင်အောင် တစ်ပွဲလုံး ထိန်းချုပ်သွားခဲ့တဲ့ အာဆင်နယ် နောက်ခံလူ ကို ချီးကျူးလိုက်တဲ့ မာတင်ကီယွန်

ဂန်းနား ဂန္တဝင် နောက်ခံလူဟောင်း မာတင်ကီယွန် ဟာ မနေ့က ကစားခဲ့တဲ့ နယ်သာလန် ကလပ် ပီအက်စ်ဗွီ အသင်းနဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် က အာဆင်နယ် အသင်း နောက်ခံလူ တိုမီယာစု ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပါတယ် ။

ဂျပန်လက်ရွေးစင် နောက်ခံလူ တိုမီယာစု ဟာ ပီအက်စ်ဗွီ နဲ့ ပွဲမှာ ညာနောက်ခံလူ အဖြစ် ပွဲထွက် လာခဲ့တာ ဖြစ်ပြီး နာမည်ကြီးနေတဲ့ ဂတ်ပို နဲ့ ရင်ဆိုင် ကစားခဲ့ရပါတယ် ။ ပီအက်စ်ဗွီ အသင်းရဲ့ ကပ္ပတိန် ဂတ်ပို ဟာ ဥရောပ အသင်းကြီး တော်တော်များများရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ ကစားသမား တစ်ဦးပါ ။

နယ်သာလန် လက်ရွေးစင် ဂတ်ပို ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီး ၁၃ ဂိုးသွင်း ဂိုးဖန်တီးမှု ၁၁ ကြိမ် အထိ ပြုလုပ် ထားပါတယ် ။ တိုမီယာစု နဲ့ အတွေ့မှာတော့ ဂတ်ပို ဟာ တစ်ပွဲလုံး ရုန်းကန် ခဲ့ရပြီး သူ အားသန်တဲ့ ဂိုးပေါက် ကန်သွင်းမှုရော ဂိုးဖန်တီးမှု ပါ လုံးဝ မလုပ်နိုင် ဖြစ်သွားခဲ့ရပါတယ် ။

ဂတ်ပို ဟာ ပွဲချိန် ပြည့် ကစားခဲ့တာ ဖြစ်ပေမယ့် တစ်ပွဲလုံးမှာ ဘောလုံး ထိချက် ၃၄ ကြိမ် ပဲ ရှိခဲ့ပါတယ် ။ တိုမီယာစု အတွက်တော့ လီဗာပူး နဲ့ ပွဲမှာ ဆာလာ ၊ ပီအက်စ်ဗွီ နဲ့ ပွဲမှာ ဂတ်ပို တို့လို နာမည်ကြီး တောင်ပံ တိုက်စစ် ကစားသမားတွေ လှုပ်မရအောင် ဆက်တိုက် ထိန်းပြ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

တိုမီယာစု ဟာ ပီအက်စ်ဗွီ နဲ့ ပွဲမှာ အာဆင်နယ် အသင်း အတွက် အဖိုးတန် အနိုင်ဂိုး ကိုလည်း ဖန်တီး ပေးခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် က တိုမီယာစု ကို ခုလို ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

” တိုမီယာစု က တစ်ဦးချင်း ထိန်းချုပ်ကစားရာမှာ အာဆင်နယ် အသင်း ရဲ့ နောက်ခံလူတွေ ထဲ အကောင်းဆုံးလို့တောင် ဆိုနိုင်ပါတယ် ။ သူ ဘယ်လောက်အထိ အမြင့်ဘော အားကောင်းသလဲ ဆိုတာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ ။ နောက်ပြီး လူကောင်လည်း ကြီးတဲ့ ကစားသမားပါ ၊ ဂတ်ပို ပေးနိုင်တဲ့ ပြဿနာတွေကို တိုမီယာစု နဲ့ အာဆင်နယ် က ကောင်းကောင်း ဖြေရှင်း နိုင်ခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

တိုမီယာစု ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စီရီးအေ ကလပ် ဘိုလောဂ့်နာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး မနှစ်က ၃၅ ပွဲကစား ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း တိုမီယာစု ဟာ ၁၄ ပွဲ ကစား ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ် ။

SM