အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ဆွတ်ခူးနိုင်စွမ်း ရှိနေပြီလို့ ပြောကြားလိုက်တဲ့ နစ္စတယ်ရွိုင်း

 

PSV အသင်းရဲ့ နည်းပြ နစ္စတယ်ရွိုင်း က မနေ့က အာဆင်နယ် အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ နည်းပြ အာတေတာ ရဲ့ အသင်းဟာ အမှတ်ပေး ချန်ပီယံဆု ကို စိန်ခေါ် နိုင်စွမ်း ရှိနေပြီလို့ ပြောကြား သွားခဲ့ပါတယ် ။

မနေ့က ညနက်ပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲကျန်မှာ အိမ်ရှင် အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရပြီး ရှုံးထွက် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ PSV အသင်းကို အဖက်ဖက် က အသာစီး ရယူပြီး ကစားကာ ဂိုးကန်သွင်းချက်တွေ အမြောက် အများ ပြုလုပ် ခဲ့ပေမယ့် PSV လူငယ် ဂိုးသမား ဘင်နီတက်ဇ် လက်စွမ်းပြ ကာကွယ် နေခဲ့တာကြောင့် သွင်းဂိုး တစ်ဂိုးထဲနဲ့ ကျေနပ် ခဲ့ရပါတယ် ။

ပွဲအပြီးမှာတော့ နစ္စတယ်ရွိုင်း က သူတို့ ထိုက်ထိုက်တန်တန် ရှုံးနိမ့် သွားခဲ့တာ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။ ” ပထမပိုင်းမှာ ကျွန်တော်တို့ တစ်သင်းလုံး ခံစစ် ကစားခဲ့ရပါတယ် ၊ ခံစစ် ကို လုံးဝ deep ဖြစ်ဖြစ် ကစားခဲ့ရတာပါ ၊ အဲ့ဒီလို မကစားချင်ပေမယ့် ကစားရတဲ့ အခြေအနေ ရောက်သွားခဲ့တာပါ ၊ build-up play မှာ အာဆင်နယ် အသင်းရဲ့ press ကို ကျွန်တော်တို့ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ အဝေးဘောတွေပဲ ပေးပို့ပီး ကစားခဲ့ရပါတယ် ။ ”

” သူတို့နဲ့ duel တွေမှာလည်း အသာမရခဲ့ပါဘူး ၊ second ball တွေမှာလည်း သူတို့ပဲ အသာစီး ရခဲ့ပြီးဘောလုံးရတာနဲ့ တိုက်စစ် ကို တိုက်ရိုက် ကစားသွားခဲ့ပါတယ် ။ ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းရဲ့ ခံစစ် ကစားပုံကိုတော့ အားရကျေနပ်ပါတယ် ၊ ဒုတိယပိုင်းမှာတော့ နောက်တန်း ကနေ ကွင်းလယ် ကနေ တိုက်စစ် အဆင့်ဆင့် သွားပြီး အခွင့်အရေး အချို့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

” အာဆင်နယ် လို အရည်အသွေးရှိတဲ့ အသင်း နဲ့ ပွဲမှာ ကိုယ့် အသင်းတိုးတက် ကောင်းမွန်ဖို့ လိုအပ်နေတဲ့ အရာတွေကို တွေ့မြင် ခဲ့ရပါတယ် ။ ကျွန်တော်တို့ သရေ တစ်မှတ်ရဖို့ မျှော်မှန်း ထားခဲ့ပေမယ့် အဆုံးသတ်မှာ အာဆင်နယ် အသင်းကထိုက်ထိုက်တန်တန် အနိုင် ရသွားခဲ့တာပါ ။ ”

” မီခေးလ် အာတေတာ ကိုလည်း ကျွန်တော် ချီးကျူး စကား ပြောချင်ပါတယ် ။ သူ အသင်းကို တည်ဆောက်ထားပုံ ၊ သူ့အသင်း ရဲ့ ကစားဟန် ၊ သူ့ရဲ့ ကစားသမား ခေါ်ယူမှုတွေက ခုလို ရလဒ်ကောင်းတွေ ရနေတာ နဲ့ လုံးဝ ချိတ်ဆက်မှု ရှိပါတယ် ။ ”

” ပရီးမီးယားလိဂ် လို ပြိုင်ပွဲမှာ ၁၀ ပွဲ ကစား ၉ ပွဲ နိုင် ထားတဲ့ အသင်းကို သေချာပေါက် ချန်ပီယံဆု စိန်ခေါ် နိုင်တဲ့ အသင်း အဖြစ် သတ်မှတ်ရမှာပါပဲ ။ အာဆင်နယ် က ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး အသင်း ဖြစ်နေတာကြောင့် စိန်ခေါ်မှုကတော့ ရှိတာပေါ့ဗျာ ။ ဒါပေမယ့် သူတို့မှာ ချန်ပီယံဆုကို ရယူနိုင်တဲ့ လူစာရင်း ၊ အရည်အသွေး နဲ့ နည်းပြ သုံးခုစလုံး ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM