ရိုနယ်ဒို ၊ မာစီရယ် ၊ ချဲလ်ဆီး နဲ့ စတမ်းဖိုဒ့် ဘရစ် တို့အကြောင်းတွေ ပြောသွားခဲ့တဲ့ အဲရစ်တန်ဟတ် ရဲ့ သတင်းစာရှင်းလင်းပွဲ

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် ဟာ ဒီကနေ့ နေ့လယ်ပိုင်း ( ဗြိတိန်စံချိန် ) မှာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ် သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မနက်ဖြန် မှာ ချဲလ်ဆီး နဲ့ စတမ်းဖိုဒ့် ဘရစ် ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ ။

ဒီရာသီမှာ မန်ယူနိုက်တက် ဟာ လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ တော့တင်ဟမ် ဟော့စပါး တို့ကို အနိုင် ကစားထားခဲ့ ပါတယ် ။

တန်ဟတ် နဲ့ ဂရေဟမ် ပေါ်တာ တို့ကတော့ ဒီရာသီမှာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာခဲ့ပါတယ် ။ ရာသီအဖွင့်ပွဲမှာ ပေါ်တာ ရဲ့ ဘရိုက်တန် ဟာ တန်ဟတ် ရဲ့ ယူနိုက်တက် ကို အနိုင် ကစားထားခဲ့တာပါ ။

တန်ဟတ် ကတော့ စတမ်းဖိုဒ့် ဘရစ် အဝေးကွင်း ပွဲစဉ်ကို စိတ်ပူခြင်း မရှိဘဲ ၁၁ ယောက် ၁၁ ယောက်ချင်း ကစားရတာ ဖြစ်လို့ ရှေ့ပွဲတွေလိုပဲ တူညီတဲ့ ပွဲတပွဲ ဖြစ်မှာပါလို့ ပြောဆိုခဲ့ ပါတယ် ။

“ပွဲကောင်း တပွဲကို ကျွန်တော်တို့ ကစားရမှာပါ ။ ချဲလ်ဆီး ဘက်ကကြည့်ရင်လည်း အတူတူပါပဲ ။ ကျွန်တော့ အတွက်ကတော့ အိမ်ကွင်း အဝေးကွင်း ဆိုပြီး ခွဲခြားမနေပါဘူး ၊ ကွင်းအကျယ်လည်း အတူတူ ၁၁ ယောက်ချင်း ကစားရတာလည်း အတူတူပါပဲ ။ ဒိုင်လည်း ပါပါတယ် ၊ ပရိသတ်တွေ ဆီကလည်း အားပေးမှုကို အမြဲ ရနေတာပါ ။ ဒီပွဲအတွက် စိတ်အားထက်သန်မှု အပြည့်ရှိပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ် ။

ယူနိုက်တက် နည်းပြကြီး ဟာ စပါး နဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းပြီး ပွဲမပြီးခင်မှာတင် ထပြန်သွားတဲ့ တိုက်စစ်မှူးကြီး ရိုနယ်ဒို ကို ချဲလ်ဆီး နဲ့ ပွဲကို ခေါ်မသွားဘဲ ချန်လှပ် ထားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ ပါတယ် ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး သတင်းထွက်နေတာတွေ မှန်ကန်ကြောင်း နဲ့ အပြစ်ပေးမှုရှိခဲ့ပေမယ့် ရိုနယ်ဒို ဟာ အသင်းအတွက် အရေးပါသူ တယောက် အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်းတွေကိုလည်း တန်ဟတ်က ပြောဆိုသွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ရိုနယ်ဒို ကို သတိရနေမှာပါ ။ စပါးနဲ့ ပွဲမှာ သူ လူစားဝင်ဖို့ ငြင်းခဲ့တာ ဟုတ်ပါတယ် ။ ကျန်တဲ့ဟာတွေ ကတော့ သူနဲ့ ကျွန်တော့ အကြားမှာပဲ ရှိမှာပါ ။ ဒါတွေက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ပါပဲ ။ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးပါပြီ ။ သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဦးမှာပါ”

“စည်းမျဉ်းတွေ ၊ စံနှုန်းတွေ အတွက် ကျွန်တော့မှာ တာဝန်ရှိပါတယ် ။ ဘောလုံးက အသင်းလိုက် ကစားနည်းပါ ၊ ဒီစည်းတွေ စံတွေကို လေးစားဖို့ လိုအပ်ပါတယ် ။ ရေယို ( ဗယ်လက်ကာနို ) နဲ့ ပွဲတုန်းကလည်း သူ ဒါမျိုး လုပ်ဖူးပါတယ် ၊ အဲ့ဒိတုန်းကတော့ သူ တယောက်တည်းမဟုတ်ပါဘူး ။ အဲ့ကတည်းက ကျွန်တော် လက်မခံ ခဲ့တာပါ ။ ဒီကိစ္စက သူမှ မဟုတ်ပါဘူး ၊ ဘယ်သူ့ကိုမဆို ဒီလို အကျိုးဆက်တွေ ဖြစ်လာမှာပါပဲ” လို့ တန်ဟတ် က ဖြေကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အသင်းရဲ့ တိုက်စစ်မှူး တယောက် ဖြစ်တဲ့ အန်တိုနီ မာစီရယ် ရဲ့ ဒဏ်ရာ အနေအထားကို တန်ဟတ် က ထည့်သွင်းပြောဆိုခဲ့ ပါတယ် ။

မာစီရယ် ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ပုံစံကောင်း ပြခဲ့ပေမယ့် ရာသီမစခင်မှာ ဒဏ်ရာ ရသွားပြီး အကြာကြီး နားခဲ့ရ ပါတယ် ။ အသင်းအတွက် ပြန်ကစားနိုင်ချိန် မှာလည်း ပွဲအနည်းငယ်သာ ကစားရပြီး ဒဏ်ရာ ပြန်ရသွား ခဲ့တာပါ ။

“မာစီရယ် လွဲပါမယ်” လို့ ပြင်သစ်တိုက်စစ်မှူးရဲ့ အခြေအနေကို မေးမြန်းချိန်မှာတော့ တန်ဟတ် က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။ မာစီရယ် နဲ့ ရိုနယ်ဒို တို့ မပါနိုင်တော့တာကြောင့် မားကပ် ရက်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ တဦးတည်းသော အထောင်တိုက်စစ်မှူး ဖြစ်လာခဲ့ပြီး စနေညမှာ သေချာပေါက် ပါဝင်လာတော့ မှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အမှတ်ပေး ဇယား ရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ က ချဲလ်ဆီး နဲ့ ၁ မှတ်အကွာကို ရောက်ရှိ နေပါတယ် ။ အဆိုပါ ပွဲအပြီးမှာတော့ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ရှရစ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး အုပ်စုပထမ ရရှိရေး အတွက် ၃ မှတ် ရယူနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR