ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျာရတ်ရဲ့ နေရာကို အစား၀င်သွားဖို့ ရှိနေတဲ့ နည်းပြ ၆ ဦး

အက်စတွန်ဗီလာ အသင်းဟာ မနေ့ညက ဖူဟမ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပြီးနောက် စတီဗင်ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်သွားခဲ့ပြီး ၎င်းရဲ့ နေရာမှာ အစားထိုးရန် နည်းပြသစ်ကို ရှာဖွေလျက်ရှိနေပါတယ်။ ဂျာရတ်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာကို ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ရမှတ် ၉ မှတ်သာ ရယူပေးနိုင်ခဲ့ပြီး တန်းဆင်းအန္တရာယ် ရှိလာခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဗီလာ ပရိတ်သတ်တွေဟာ ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့ကတည်းက ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ရန် တောင်းဆိုနေခဲ့ကြတာ ဖြစ်ပြီး ဖူဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ဂျာရတ်က “ကျွန်တော်ဟာ တအားကို ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတယ် ဆိုတာကို ခင်ဗျားတို့ကော ကျွန်တော်ကော သိနေပြီးသားပါ။” လို့ ၀န်ခံခဲ့ပါတယ်။ လက်ရှိမှာ ဂျာရတ် ထွက်ခွာသွားပြီ ဖြစ်တာကြောင့် ဗီလာတို့ ဒီနေရာမှာ ဘယ်သူ့ကို အစားထိုးသွားနိုင်မလဲ?

ပိုချက်တီနို
အာဂျင်တီးနား နည်းပြဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ပီအက်ဂျီ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်နေခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပီအက်ဂျီမှာ သူ့နည်းပြဘ၀ရဲ့ ပထမဦးဆုံး ဆုဖလားတွေ ရရှိခဲ့တဲ့ အပြင် လွန်ခဲ့တဲ့ ၂၀၁၉ က တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဖိုင်နယ်ထိ ပို့ဆောင်ပေးခဲ့ပြီး ဖိုင်နယ်မှာ လီဗာပူးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုဟာ ၂၀၁၅ ခုနှစ် လိဂ်ဖလား ဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ အပြင် ၂၀၁၅-၁၆ နဲ့ ၂၀၁၆-၁၇ ရာသီတွေမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၁၉-၂၀ ရာသီအစမှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အူနိုင်းအမ်မရီ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆော်ဒီပိုင်ရှင်တွေ ကလပ်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် အူနိုင်းအမ်မရီဟာ နယူးကာဆယ် နည်းပြရာထူး အတွက် first choice ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် နည်းပြဟောင်း ကတော့ ဒါကို ငြင်းပယ်ခဲ့ပါတယ်။ အမ်မရီဟာ ဗီလာရီးရဲယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူထားခဲ့ပြီး ၂၀၂၀-၂၁ ရာသီက ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့တဲ့ အပြင် မနှစ်ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ စပိန်သားဟာ သူ့ရဲ့ နည်းပြဘ၀မှာ ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ်ဖလားကို ၃ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ပီအက်ဂျီမှာလည်း ဆုဖလားတွေ ရယူနိုင်ခဲ့ပါတ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ အာဆင်၀င်းဂါးရဲ့ နေရာကို ဆက်ခံခဲ့ပေမယ့် ၁၈ လ အကြာမှာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

မိုက်ဘယ်လီ
မိုက်ဘယ်လီဟာ ပြီးခဲ့တဲ့ဇွန်လက ကျူပီအာကို မပြောင်းရွေ့မီ ရိန်းဂျားကနေ ဗီလာကို ဂျာရတ်နဲ့ အတူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဝုဖ်ဟာ ပြီးခဲ့တဲ့လက ဘရူနိုလာဂျာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဘယ်လီနဲ့ စကားပြောခွင့်ရရန် ကျူပီအာကို ချည်းကပ်ခဲ့ပေမယ့် အသက် ၄၂ နှစ် အရွယ် နည်းပြက ဒီအလုပ်ကို ငြင်းပယ်ခဲ့ပါတယ်။ ဘယ်လီက ဝုဖ်ဟာ အရမ်းကိုကောင်းတဲ့ ကလပ်ကို ပြောခဲ့ပေမယ့် Loftus Road မှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီးနောက် ကျူပီအာမှာ ဆက်နေချင်ကြောင်း ပြောခဲ့ပါတယ်။

သောမတ်တူချယ်
တူချယ်ဟာ လမ်းပတ်ရဲ့ နေရာကို အစား၀င်ပြီး ခြောက်လ အတွင်းမှာတင် ချဲလ်ဆီးကို ချန်ပီယံလိဂ်ဖလား ရယူကာ သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။ တူချယ်ဟာ ဒေါ့မွန် နဲ့ ပီအက်ဂျီ တို့မှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပြီး ၎င်းကိုသာ ဗီလာတို့ ခန့်အပ်နိ်ုင်ခဲ့မယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှု ဖြစ်သွားမှာပါ။ တူချယ်ဟာ ဒီရာသီအစမှာ ပိုင်ရှင်တွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး အဲဒီနောက်ပိုင်း ပရီးမီးယားလိဂ်ကလပ် ၂ ခုကို ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချထားခဲ့ပါတယ်။

ရှောင်ဒိုက်
ရှောင်ဒိုက်ဟာ ပြီးခဲ့တဲ့ ဧပြီလက ဘန်လေကနေ ထွက်ခွာပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် မန်နေဂျာဟာ တပ်မိုးမှာ ဘတ်ဂျက်အင်အား နည်းနည်းနဲ့ ဘန်လေကို ပရီးမီးယားလိဂ်မှာ ကောင်းကောင်း ရပ်တည်နိုင်အောင် လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ ဗီလာလို ဘဏ္ဍာရေးအင်အား ကောင်းမွန်တဲ့ အသင်းမှာ ဆိုရင် ဒီထက် ပိုမို စွမ်းဆောင်ပေးနိုင်ကြောင်းကို အသက် ၅၁ နှစ်အရွယ် နည်းပြ ပြသနိုင်စွမ်း ရှိပါတယ်။

သောမတ်ဖရန့်
သောမတ်ဖရန့်ဟာ ဘရန့်ဖို့ဒ်ကို သူတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်လာအောင် လုပ်ပေးခဲ့သူ ဖြစ်ပြီး မနှစ်ကလည်း ပရီးမီးယားလိဂ်မှာ အဆင့် ၁၃ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာ ဒိန်းမတ်သားဟာ ဘတ်ဂျက်နည်းနည်းနဲ့ အကောင်းဆုံး လုပ်ပြထားသူ ဖြစ်ပြီး ဗီလာလို ပရိတ်သတ် အင်အား နဲ့ ဘတ်ဂျက်အင်အား ကောင်းမွန်တဲ့ အသင်းသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် ၎င်းကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

SM