ပရီးမီးယားလိဂ်ပြန်ရောက်လာနိုင်တဲ့ ပိုချက် ၊ အီတလီက အကြောင်းတွေ ၊ ဆုရတဲ့ မက်ဆီ တို့နဲ့ . . . နောက်ဆုံးကြားသိရတဲ့ အားကစားသတင်းမျာ

 

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနို ဟာ အက်စတန် ဗီလာ နည်းပြ ရာထူးအတွက် ရေပန်း စားလာပါတယ် ။

ဗီလာ ဟာ မနေ့ညက ဖူလ်ဟမ် ကို ရှုံးနိမ့် အပြီးမှာ နည်းပြ စတီဗင် ဂျရတ် နဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ အစားထိုးမယ့် နည်းပြသစ်ကို ရှာဖွေ နေပါတယ် ။

ပိုချက်တီနို ကတော့ မနေ့ညကတုန်းက နူးကမ့် ကွင်းထဲမှာ ရှိနေခဲ့ပြီး ဘာစီလိုနာ နဲ့ ဗီလာရီးရဲတို့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်ကို အထူးပွဲကြည့်စင် ( ဒါရိုက်တာ ၊ ဥက္ကဌတွေ ကြည့်သည့်နေရာ ) ကနေ ကြည့်ရှုသွားခဲ့ ပါတယ် ။

 

အဆိုပါ ပွဲမှာ ဘာစီလိုနာ က ဧည့်သည် ဗီလာရီးရဲ ကို ၃-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး က ၂ ဂိုး ၊ အန်ဆုဖာတီ က ၁ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

ဝုဗ် အသင်းကတော့ QPR နည်းပြ မစ်ချယ် ဘေးလ် က အသင်းနည်းပြအဖြစ် လာရောက်လုပ်ကိုင်ဖို့ ငြင်းဆန် အပြီးမှာ လက်ရှိ ယာယီကိုင်တွယ် နေတဲ့ စတိဗ် ဒေးဗစ် ကိုသာ ယာယီနည်းပြ အဖြစ် ဆက်လက် ခန့်အပ် သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ဖို့ ကိစ္စကိုတော့ ဆိုင်းငံ့ထားလိုက်တယ်လို့ သိရပါတယ် ။

အာဆင်နယ် ဟာ လာမယ့် ဇန်နဝါရီ မှာ ဖရန့်ဖတ် အသင်း ရဲ့ နောက်ခံလူ အီဗန် အန်ဒစ်ကာ ကို ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ အသင်းရဲ့ ခံစစ်ကို ထပ်မံ အားဖြည့်ဖို့ စိတ်ကူး ရှိနေပြီး နွေရာသီ တုန်းကလည်း မန်ယူနိုက်တက် ကို ရောက်သွားတဲ့ လီဆန်ဒရို မာတီနက် ကို ကြိုးစားခဲ့ဖူးပါတယ် ။

အင်တာမီလန် အသင်းရဲ့ အထွေထွေမန်နေဂျာ မာရော့တာ က သူတို့ဟာ တိုက်စစ်မှူး လူကာကူ ကို ဇန်နဝါရီမှာ ချဲလ်ဆီး အသင်းထံ ပြန်လည် စေလွှတ်မယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆို သွားခဲ့ပြီး ဒဏ်ရာကြောင့် နားနေရတဲ့ လူကာကူ နဲ့ ပတ်သက်လို့ ဘာအစီအစဉ်မှ မရှိဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ယူဗင်တပ် အသင်း နည်းပြ အယ်လီဂရီ ကတော့ ဒဏ်ရာကနေ ပြန်သက်သာလာကြတဲ့ ချီယေဆာ နဲ့ ပေါလ် ပေါ့ဘာ တို့ကို အသင်းနဲ့ ပိုမို အသားကျ စေဖို့ အတွက် ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ ထည့်သုံးသွားဖို့ စီစဉ် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အေစိမီလန် အသင်းက စိတ်ဝင်စား နေတဲ့ တောင်ပံ ကစားသမား ထရာအိုရေး ဟာ ဆာဆူအိုလို အသင်း ကနေ ထွက်ခွာဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

နွေရာသီတုန်းက အေစီနဲ့ သတင်းကြီး ခဲ့တဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဟာ ဇန်နဝါရီမှာ မီလန် ကို အမှန်တကယ် ရောက်လာနိုင်တယ်လို့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ ပြန်ပါတယ် ။

တူရကီ ကလပ် ဂါလာတာစရေး အသင်းဟာ မန်စီးတီး ရဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဂွန်ဒိုဝမ် ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

မနေ့ညက လက်စတာ ကို ၂-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ လိဒ်ယူနိုက်တက် နည်းပြ ဂျက်စ်မာ့ချ် ကတော့ အသင်း ဘုတ်အဖွဲ့ဝင်တွေဟာ သူ့အပေါ် စိတ်ရှည်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ ပါတယ် ။

PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ ပြင်သစ်လီဂူးဝမ်း ရဲ့ စက်တင်ဘာလ အတွက် တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ စက်တင်ဘာ အတွင်းမှာ ၁ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးခဲ့ ပါတယ် ။ ဒီရာသီမှာ ဆိုရင်တော့ မက်ဆီ ဟာ ပဲရစ် ကလပ် အတွက် ၁၄ ပွဲ ကစားထားပြီး ၈ ဂိုးသွင်းကာ ၈ ဂိုး ဖန်တီးထား နိုင်ခဲ့ ပါတယ် ။

အမျိုးသမီး ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်းဟာ PSG အမျိုးသမီး အသင်းကို အဝေးကွင်းမှာ မီလီ ဘရိုက် ရဲ့ ပထမပိုင်းက သွင်းဂိုး နဲ့ အနိုင် ရရှိပြီး အဖွင့်လှသွားခဲ့ ပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ် ဟာ ဒီကနေ့ မှာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကနဦး ကစားသမာ ၅၅ ယောက် ရဲ့ အမည်စာရင်းကို ထုတ်ပြန်မှာ ဖြစ်ပြီး ဒဏ်ရာရရှိ နေတဲ့ ရစ်ဆီဂျိမ်းစ် ၊ ကိုင်လ်ဝေါ်ကာ နဲ့ အာနိုး တို့ အမည်တွေ ပါဝင်လာနိုင်တယ်လို့ သတင်းထွက်ပေါ် နေပါတယ် ။

ဒီနှစ် ကမ္ဘာ့ဖလား မှာ ကစားသမား ၂၃ ယောက် ကနေ ၂၆ ယောက်အထိ တိုးပေးထားပြီး အပြီးသတ် လူစာရင်း ကိုတော့ နိုဝင်ဘာထဲ မှသာ တင်သွင်းရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR