ဂန်းနားတို့ အုပ်စု ပထမရဖို့ အခြေအနေ ကောင်းသွားခဲ့တဲ့ အာဆင်နယ် ၁-၀ PSV ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

 

မနေ့က မြန်မာစံတော်ချိန် ညနက်ပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ ပီအက်စ်ဗွီ အသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စု ပွဲကျန်မှာတော့ အိမ်ရှင် အာဆင်နယ် အသင်းဟာ ရှာကာ ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် ၁-၀ PSV ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့

၁။ ဒီရာသီ ပထမဆုံးအကြိမ် အတူ ပွဲထွက်လာခဲ့တဲ့ ဂျေးဇု နဲ့ အန်ကီးတီးယား

အာဆင်နယ် နည်းပြ အာတေတာ ဟာ ဒီနေ့ပွဲမှာ ဒီရာသီ ပထမဆုံးအကြိမ် အဖြစ် တိုက်စစ်မှာ ဂျေးဇု နဲ့ အန်ကီးတီးယား တို့ကို အတူ ပွဲထုတ် လာခဲ့ပါတယ် ။ PSV နဲ့ ပွဲမှာ အန်ကီးတီးယား ဟာ တောင်ပံ ကို ထွက်ကစားခဲ့ပြီး ဂျေးဇု ကတော့ အထောင် တိုက်စစ်မှူးဆန်ဆန် ကစားခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့တိုက်စစ်ဟာ ဂျေးဇု တောင်ပံ ထွက် ကစားချိန်မှာမှ ပိုမို အသက်ဝင်တာကို တွေ့ရပါတယ် ။ ဒီနေ့ပွဲမှာ ဂျေးဇု ရော အန်ကီတီးယား ရော အပိုင် အခွင့်အရေးတွေ ရပေမယ့် နှစ်ယောက်စလုံး သွင်းဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ခြင်း မရှိပါဘူး ။

၂ ။ တိုက်စစ် အကောင်းဆုံး အသင်းကို ဂိုးမပေးရအောင် ကစားခဲ့တဲ့ အာဆင်နယ်

နယ်သာလန် လိဂ် ရဲ့ သွင်းဂိုး အများဆုံး အသင်း နဲ့ အင်္ဂလန်လိဂ် ရဲ့ ဒုတိယ သွင်းဂိုး အများဆုံး အသင်းရဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုးတည်း မြင်တွေ့ ခဲ့ရတာဟာ ပရိသတ်တွေ အတွက် ကျေနပ် စရာတော့ ဖြစ်မယ် မထင်ပါဘူး ။ PSV အသင်း ရဲ့ တိုက်စစ် ဟာ ဒီနေ့မှာ လုံးဝ အသက် ကင်းမဲ့ နေခဲ့ပြီး အာဆင်နယ်အသင်းရဲ့ခံစစ်ကို မယ်မယ်ရရ ခြိမ်းခြောက် နိုင်ခဲ့ခြင်း မရှိပါဘူး ။

အာဆင်နယ် အသင်း ရဲ့ တိုက်စစ်ကတော့ PSV အသင်း ဂိုးပေါက်ကို တစ်ပွဲလုံး ခြိမ်းခြောက် နေခဲ့ပြီး ဂိုးကန်သွင်းချက် ၂၅ ကြိမ် အထိ ရှိခဲ့ကာ ဂိုးပေါက်တည့် ကန်ချက် ၈ ကြိမ် အထိ ရှိခဲ့ပါတယ် ။ PSV ဂိုးသမား ဘင်နီတက်ဇ် လက်စွမ်းပြ နေခြင်းကြောင့်သာ အာဆင်နယ် အသင်း တစ်ဂိုး ထဲနဲ့ ကျေနပ် ခဲ့ရတာပါ ။ အာဆင်နယ် အသင်း ရဲ့အရန် ဂိုးသမား မတ်တာနာ အတွက်တော့ ယူရိုပါလိဂ် အုပ်စု ၃ ပွဲဆက် Clean-Sheet ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

၃ ။ ညာခြေနဲ့ အနိုင်ဂိုး သွင်းတဲ့ ကပ္ပတိန် ရှာကာ

အော်ဒီဂတ် မပါဝင်လာချိန်မှာ ကွင်းလယ်လူ ရှာကာ က အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက် လာခဲ့ပြီး အသင်း အတွက် အဖိုးတန် အနိုင်ဂိုး ကိုလည်း သွင်းယူ ပေးခဲ့ပါတယ် ။ ရှာကာ ဟာ တိုမီယာစု ရဲ့ဖြတ်တင်ပေးပို့မှု ကို ညာခြေ volley ကန်ချက် နဲ့ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ် ။ ဘယ်ခြေအားသန် ကစားသမား တစ်ဦး ဖြစ်တဲ့ ရှာကာ ရဲ့ ညာခြေနဲ့ သွင်းယူတဲ့ ရှားရှားပါးပါး သွင်းဂိုးပါ ။ ရှာကာ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် သွင်းဂိုး ၃ ဂိုး အထိ သွင်းယူ ထားပါတယ် ။

 

၄ ။ နာမည်ကြီး ဂတ်ပို တိတ်ဆိတ်နေခဲ့တဲ့ည

ပရီးမီးယားလိဂ် ကလပ် အသင်းတွေနဲ့ သတင်းတွေထွက်နေတဲ့ ဂတ်ပို ဟာ ပရီးမီးယားလိဂ် ဦးဆောင်သူ အာဆင်နယ် နဲ့ ပွဲမှာ ဘာမှ မယ်မယ်ရရ လုပ်ပြ နိုင်ခဲ့ခြင်း မရှိဘဲ တစ်ပွဲလုံး ပျောက် နေခဲ့ပါတယ် ။

ဂတ်ပို ထက်စာရင် ပီအက်စ်ဂျီ ကစားသမားဟောင်း ဇာဗီ ဆိုင်မွန် ကမှ အာဆင်နယ် ခံစစ် ကို ပိုအခက်တွေ့အောင် လုပ်နိုင်ခဲ့ပါသေးတယ် ။ နောက်တစ်ပတ် ကစားရမယ့် ပွဲမှာတော့ ဂတ်ပို အနေနဲ့ ဒီနေ့ထက် ပိုကောင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ ။

၅ ။ ရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းအတွက်တော့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေက သိပ်အခက်အခဲ မရှိလှပါဘူး ၊ လေးပွဲ ကစား လေးပွဲ အနိုင်ရလဒ် နဲ့ စောစောစီးစီးပဲ နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ ၊

 

ဒုတိယအကျော့မှာ PSV ကို သရေကစားနိုင်ရုံနဲ့ အာဆင်နယ် အသင်းဟာ အုပ်စု ပထမ နဲ့ ၁၆ သင်း အဆင့်ကို တက်ရောက် နိုင်မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပိတ်ရက်မှာတော့ ဆောက်သမ်တန် အသင်းနဲ့ ကစားရပါမယ် ။

SM