ချဲလ်ဆီးနဲ့ ပတ်သက်ပြီး အခြား ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဇိုလာ

ပြီးခဲ့တဲ့ လအတွင်း ချဲလ်ဆီးဟာ နည်းပြ အပြောင်းအလဲ လုပ်ခဲ့ရာ ၊ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက် အချိန်တို ကာလ အတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ၊ ယခုလ အတွင်း ကစားထားတဲ့ ပွဲအားလုံးမှာ ရှုံးပွဲ လုံးဝ မရှိပဲ ၊ တပွဲသာ ဂိုးပေးထားရပါတယ် ။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ ရှိနေတဲ့ ချဲလ်ဆီး အတွက် ယခုနှစ် ရာသီ အဓိက ပစ်မှတ်ဟာ Top 4 ဝင်ဖို့သာ ဖြစ်သင့်ပါတယ် ။ ဇယားထိပ်မှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး အကြား ၇မှတ်သာ ကွာခြားနေတာကြောင့် ချဲလ်ဆီးကို Title race ကနေ မထုတ်သေးတဲ့ လူအချို့လည်း ရှိနေပါတယ် ။

ထိုအထဲမှာ ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျီယန်ဖရန်ကို ဇိုလာလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ Amazon Prime နဲ့ တွေ့ဆုံခဲ့ရာမှာ ဇိုလာ က ယခုနှစ် ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ချဲလ်ဆီးတို့ ချန်ပီယံဆု မျှော်မှန်းနိုင်သေးကြောင်း အခုလိုပဲ ထောက်ခံစကား ဆိုခဲ့ပါတယ် ။

ဇိုလာ က ” ချဲလ်ဆီးမှာ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိပါသေးတယ် ။ ချဲလ်ဆီးဟာ အရည်အသွေး အရမ်း မြင့်မားတဲ့ ကလပ် တသင်း ဖြစ်ပြီး ၊ ကြီးမားတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ် ။ သူတို့ဟာ ချန်ပီယံလိဂ်မှာ သာမက ပရီးမီးယားလိဂ်မှာပါ ကောင်းကောင်း ပြိုင်ဆိုင်နိုင်ပါသေးတယ် ။ ”

” ဒီနေ့ပွဲ မတိုင်ခင်ကတည်းက ချဲလ်ဆီးကို title race ထဲကနေ ဖယ်ရှားလို့ မရသေးဘူးလို့ ကျွန်တော် ခင်ဗျားတို့ကို ပြောခဲ့ပါသေးတယ် ။ ထိပ်သီး ကလပ်တွေ အတွက် ခက်ခဲတဲ့ ပွဲတွေ အများကြီး ရှေ့မှာ ရှိပါသေးတယ် ။ ဒါပေမယ့် ချဲလ်ဆီးဟာ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်မယ့် ကလပ်တွေထဲမှာ ကျန်နေပါသေးတယ် ။ ”

” နောက်ထပ် အရည်အသွေး အဆင့် တဆင့် ထပ်မြှင့်ဖို့ အတွက်တော့ သူတို့ လိုသေးတယ် ဆိုပေမယ့် ၊ တချိန်ချိန် သူတို့ အဲဒီ အဆင့်ဆီ ရောက်လာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တမြန်နေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ လန်ဒန်ဒါဘီ ပြိုင်ဖက် ဘရန်းဖို့ဒ် အသင်းကို ချဲလ်ဆီးတို့ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ိဂိုးသမား ကီပါ အရီဇာဘာလာဂါကြောင့်သာ မဟုတ်ရင် ချဲလ်ဆီးတို့ ထိုပွဲမှာ နည်းပြသစ် လက်ထက် ပထမဆုံး အကြိမ် ရှုံးပွဲ ကြုံနိုင်တဲ့ အလားအလာမျိုး ရှိခဲ့ပါတယ် ။ ဇိုလာကတော့ ချဲလ်ဆီး အနေနဲ့ ဘရန်းဖို့ဒ်ကို နိုင်ခဲ့သင့်ပေမယ့် ၊ ကစားရ ခက်တဲ့ အနေအထားမှာ သရေ တမှတ်လည်း မဆိုးကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဇိုလာ က ” ချဲလ်ဆီးဟာ အသင်းကြီး တသင်း ဖြစ်ပြီး ၊ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရှိနေတာကြောင့် ဘရန်းဖို့ဒ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးမှာ သူတို့ အတွက် အနိုင်ရမှ လုံလောက်မယ်လို့ ခင်ဗျားတို့ ပြောကောင်းပြောနိုင်ပါတယ် ။ ဒီတော့ သရေက ချဲလ်ဆီး အတွက် ရလဒ်ကောင်း တခုတော့ မဟုတ်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဒီနေ့ ဘရန်းဖို့ဒ်ရဲ့ ကစားပုံ အရ သူတို့ဟာ ခက်ခဲတဲ့ ပြိုင်ဖက် တသင်း ဖြစ်ကြောင်း ပြသခဲ့တာကြောင့် ချဲလ်ဆီး အတွက် တမှတ်က မဆိုးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မနက်ဖြန်ညမှာတော့ ချဲလ်ဆီး ဟာ ၄င်းတို့နဲ့ တမှတ်သာ ကွာတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံ ကစားဖို့ ရှိပါတယ် ။

SPORTS MYANMAR